မုံရွာ-ပုလဲ-ဂန့်ဂေါကားလမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေ ရက်အကန့်အသတ်မရှိ လမ်းပိတ်ထား

စက်တင်ဘာ ၊ ၂၀ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်နဲ့ မကွေးတိုင်း ၊ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်ကိုဆက်သွယ်ထားတဲ့ ပုလဲ-ဂန့်ဂေါ-ပုံတောင် ပုံညာကားလမ်းကြောင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေ ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ဒီလ ၁၅ ရက်ကစလို့ ပိတ်ထားတာပါ ၊ ကျောမြို့နဲ့ ဂန့်ဂေါမြို့အကြားမှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုပြီး လမ်းကြောင်း စစ်ဆေးရေးဂိတ်တွေက ကားတွေ မလွှတ်ဘူး ၊ ပိတ်မိနေတဲ့ကားတွေ ရာနဲ့ချီပြီးရှိတယ် ၊ အဲ့ဒါကြောင့် ယာဥ်လိုင်းတွေအားလုံးနီးပါး ပိတ်ထားရတာ ၁ ပတ်ရှိတော့မယ် “လို့ မန္တလေး ၊ မုံရွာ-ဂန့်ဂေါ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ပုံတောင် ပုံညာကားလမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ ကားသမား တယောက်က” မန္တလေး-မုံရွာ-ပခုက္ကူဘက်က အတက်ကားတွေဟာ ကျောမြို့မှာ ရပ်ထားရတယ် ၊ အဆင်းကားတွေကတော့ လယ်မရွာဘက်ကနေ နောက်ကြောင်းပြန်လှည့်သွားကြတယ် ၊ပုံတောင် နတ်ထိပ်ကနေ ဂန့်ဂေါမြို့အထိ ဂိတ်ပေါင်း ၁၅ ဂိတ်ကျော်ရှိတယ် ၊ ပုလဲမြို့နဲ့ ပုံတောင် နတ်ထိပ်ကြားက ဂိတ်ပေါင်း ၂၀ ကျော်ရှိတယ် ၊ ပုလဲ ဂန့်ဂေါကြားမှာ ဂိတ်ပေါင်း ၃၀ ကျော်တယ် ၊ အဲ့ဒီ ဂိတ်တွေက စစ်ဆေးကြမ်းတော့ လမ်းကြောင်း ခရီးမဖျင့်အောင် ပေးကမ်းသွားရတယ် ၊ ကုန်ကျစရိတ် အရမ်းများတော့ လူစီးခနဲ့ ကုန်တန်ဆာခတွေ အဆမတန်မြင့်လာရတာဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီလမ်းပိုင်းနဲ့ ပတ်သက်လို့ မုံရွာ ဂန့်ဂေါ ကုန်သည် တယောက်က” ဂန့်ဂေါ-မန္တလေးကို အရင်က ခရီးသည်တယောက်ရဲ့ယာဥ်စီးခ ၁ သောင်းခွဲပဲရှိတယ် ၊ အခု ၄ သောင်းခွဲပေးရတယ် ၊ မန္တလေး -ကလေးက ဂန့်ဂေါထက် မိုင် ၈၀ ကျော် ပိုဝေးတယ် ၊ မန္တလေး-ကလေး ကုန်တန်ဆာခက ၁ ပိသာကို ၈၀ ကျပ်ရှိပဲတယ် ၊ မန္တလေး-ဂန့်ဂေါက ကလေးလောက်မဝေးဘဲ တန်ဆာခ ၄၀ ပို မြင့်တယ် ၊ ၁ ပိသာကို ၁၂၀ ပေးရတယ်၊ဂန့်ဂေါ-ပုလဲကြားမှာက ဂိတ် ၃၀ ကျော်ရှိတယ် ၊ ဂန့်ဂေါမြို့ပေါ် ရေမျက်နီရွာထဲက ရဲစခန်းနားဂိတ် ၊ ပုံညာနတ်ထိပ် ဂိတ်နဲ့ ကျောရဲစခန်း ဂိတ်ဆိုပြီး ရဲနဲ့ စစ်သားရှိတဲ့ ဂိတ်က တလမ်းလုံးမှ ၄ ဂိတ်ပဲရှိတာ ကျန်ဂိတ်အားလုံးက အရပ်သားဂိတ်တွေဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီလို ကုန်တန်ဆာခတွေ ကြီးမြင့်ကုန်ကျတဲ့အတွက် ဂန့်ဂေါမြို့ရဲ့လက်လီ ကုန်စည်စျေးကွက်ဟာ အရင်ကထက် သုံးဆကျော် စျေးနူန်းမြင့်တက်နေပေမယ့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့် ကုန်စည်ပြတ်လပ်တာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ ပုံတောင်ပုံညာ ကားလမ်းပိုင်းက လယ်မကျေးရွာမှာ လူသတ်မှုတွေဖြစ်ခဲ့ပြီး အခုလ ၁၈ ရက် မနက် ၅ နာရီက အသက် ၆၇ နှစ်အရွယ် ဒေါ်ပြုံးမေနဲ့ မသင်းသင်းနွယ် ဆိုသူ ၂ ဦး သတ်ဖြတ်ခံရတာဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဂန့်ဂေါမြို့ကနေ ပြောင်းရွှေ့တာဝန်ကျတဲ့ ဝန်ထမ်းတချို့လည်း အဲ့ဒီ ဂန့်ဂေါ-ပုလဲကားလမ်းမှာ ခရီးသွားလာရင်း ပျောက်ဆုံးနေတာ ဆယ်ဂဏန်းနီးပါးရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဂန့်ဂေါ

Related posts

Leave a Comment

VOM News

FREE
VIEW