မန္တလေးမှာ NLDစာသားပါတဲ့အင်္ကျီအနီရောင်၀တ်ထားသူတွေက မြို့နယ်NLDရှေ့မှာ ဆန္ဒပြမှုပြုလုပ်ခဲ့

စက်တင်ဘာ ၂၁-၂၀၂၂
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅လမ်း မြို့ပတ်လမ်းပေါ်ရှိ ချမ်းအေးသာစံမြို့နယ်NLDပါတီရုံးရှေ့မှာ NLDပါတီတံဆိပ်ပါတဲ့ အင်္ကျီအနီရောင်၀တ်ဆင်ထားသူတွေက ဗီနိုင်းတွေကိုင်ဆောင်ပြီး ဆန္ဒပြမှုပြုလုပ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

” မနက်က အစောကြီးပဲ ဆိုင်ကယ်နဲ့ဖြတ်သွားတုန်းတွေ့တာ ၊ အမေစုကျန်းမာပါစေ ဆိုတဲ့ ဗီနိုင်းကိုင်ပြီး ဆန္ဒပြနေကြတာ၊ ထင်ယောင်ထင်မှားလုပ်တယ်လို့ပဲ မြင်တယ်၊ ပါတီ၀င်အများစုက ပြေးနေရသူတွေနဲ့ အဖမ်းခံရသူတွေများတယ်လေ၊ ဒီကာလမှာ ဘယ်သွားသွား NLDတံဆိပ်ပါရင်ကို လမ်းမှာစစ်ဆေးရေးတွေ့ရင် တနည်းမဟုတ် တနည်းနဲ့ဖမ်းခံနေရတာလေ၊ အခုလို ဆန္ဒပြတာတော့ ဘယ်သူတွေလုပ်တယ်ဆိုတာ ထင်ရှားပါတယ်”လို့ မန္တလေးမြို့ခံတဦးကပြောပါတယ်။

ဆန္ဒပြရာမှာ ” အပြစ်မဲ့ NLD ပါတီ၀င်များ သေဆုံးနေသည်”၊ ” အမေစုကျန်းမာပါစေ”၊ “NUG CRPH နှင့် PDF တို့၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုံ့ချသည်”၊ “မြန်မာနိုင်ငံရေးလောကမှ NLD ပါတီအားပျောက်ကွယ်အောင်လုပ်ဆောင်နေသူများသည် NUG CRPH နှင့်PDF တို့သာဖြစ်သည်”၊ “NLD သည် အကြမ်းဖက်လုပ်ရပ်များကို အားမပေးပါ ရှုံ့ချသည်”စာသားတွေပါတဲ့ ဗီနိုင်းအနီရောင်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ၂၀၂၁ ဖေဖော်၀ါရီလနောက်ပိုင်း ဆန္ဒပြမှုများ၊ လူမူကွန်ယက်ပေါ်မှာ တရားမ၀င်အဖွဲ့အစည်းတွေကို ထောက်ခံတယ်လို့ဆိုသူများ၊ ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုတွေ​နဲ့ ဆက်စပ်ကာ ဖမ်းဆီးခံခဲ့ရသူတွေ ရှိခဲ့ပြီး တချို့မှာ ထောင်ဒဏ်ချမှတ်ခံထားရသလို တချို့ကလည်း အကျဥ်းထောင်ကနေ ပြန်လွှတ်လာသူတွေ ရှိတယ်လို့ မန္တလေးမြို့ခံတွေ့ရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW