တရားမဝင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖျာပုံမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ရဲရဲ့ဇနီး ၁ ဦးဖမ်းဆီးခံထားရ

စက်တင်ဘာ၊ ၂၈ -၂၀၂၂
မင်းမြတ် (VOM)

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ဇနီးတို့ကို တရားမဝင်အဖွဲ့အစည်းတွေနဲ့ ပက်သက်မှုရှိတယ်လို့ ဆိုပြီး သက်ဆိုင်ရာကဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

”မနေ့က အဖမ်းခံရတာ ၊ ရဲတပ်ဖွဲ့ဝင်က ၃ ယောက် ၊ ရဲတပ်ဖွဲ့ဝင် တဦးရဲ့ မိန်းမ ၁ ယောက်လည်း အဖမ်း ခံထားရတယ်လို့ သိရတယ် ၊ ဖျာပုံမြို့နယ်အတွင်းက ဗုံးဖောက်ခွဲခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းတွေ ထိန်ချန်လို့ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာရှိလို့ ၊ PDF တပ်ဖွဲ့ဝင်တွေရဲ့ သတင်းတွေ ကို အထက်ကို မတင်ပြပဲထားလို့ ဖမ်းတာလို့ သိရတယ်။”
လို့ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက် က ပြောပါတယ် ။

ဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ယောက်က ရဲတပ်သား မင်းထက်ပိုင် ၊ ရဲတပ်သား ထက်လင်း ၊ ရဲတပ်ကြပ် ထွန်းထွန်းနိုင် နဲ့ ရဲတပ်သား ထက်လင်းရဲ့ အမျိုးသမီး မကေသီဝင်း (ခ) ငယ်ငယ်တို့ဖြစ်တယ်လို့သိရပြီး
သူတို့ကို လတ်တလောမှာ ကျိုက်လတ်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

”ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းတာတာ မှန်တယ်လေ ၊ အခု ကျိုက်လတ်ရဲစခန်းမှာ ၊ ဘယ်ကို ပို့မလဲမသိဘူး ၊ ကြားရတာတော့ လောလောဆယ်ပြည်ထဲရေးဌာနကို တင်ပြထားတယ်လို့ သိရတယ် ၊ ဘယ်လို ပုဒ်မနဲ့မှ အမှု မဖွင့်ရသေးဘူး ” လို့ အဖမ်းခံရတဲ့ ရဲတပ်ဖွဲ့မိသားစုနဲ့
ရင်းနှီးသူ တဦးကပြောပါတယ်။

ပြီးခဲ့တဲ့ စင်တင်ဘာ ၂၃ ရက်က ဖျာပုံမြို့နယ်​အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနကဝန်ထမ်းအမျိုးသမီး ၁ ယောက်ကို သက်ဆိုင်ရာက သူရဲ့လက်ကိုင်ဖုန်းထဲကနေ တရားမဝင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုရှိတာတွေကို တွေ့ရှိတယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂-(ည)နဲ့ ထောင်ဒဏ် ၃ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၃ ရက်ညပိုင်းက ဒေးဒရဲမြို့နယ် က စည်ပင်ရုံးနဲ့ အုပ်ချုပ်ရေးမှူးရုံး ညပိုင်းက ဗုံးခွဲတိုက် ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တာရှိတယ်လို့ဆိုပြီး စည်ပင်ဝန်ထမ်း အမျိုးသား ၄ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖျာပုံ #ရဲ့တပ်ဖွဲ့ဝင်တွေဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW