ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့စျာပနမှာ မြန်မာကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပြုခဲ့တဲ့အတွက် ဂျပန်အစိုးရကို လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်

၀ါရှင်တန်၊ စက်တင်ဘာ-၂၉-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ စျာပနမှာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဖိတ်ကြားပြီး တက်ရောက်ခွင့်ပြုခဲ့တဲ့အပေါ် ဂျပန်အစိုးရကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချဝေဖန်လိုက်ပါတယ်။

ရှင်ဇိုအာဘေးရဲ့နိုင်ငံတော်စျာပနကို တက်ရောက်ခဲ့တဲ့ မြန်မာသံအမတ်ဦးစိုးဟန်ရဲ့ ဓါတ်ပုံတွေကို မြန်မာနိုင်ငံခြားရေး၀န်ကြီးဌာနက လူမှုကွန်ရက်မှာ ဖော်ပြထားခဲ့ပါတယ်။

စစ်တပ်က အုပ်ချုပ်နေတဲ့နိုင်ငံက ကိုယ်စာလှယ်ကို ဒီလိုတက်ရောက်ခွင့်ပြုတာဟာ သူတို့ရဲ့လုပ်ရပ်ကို အတည်ပြု အသိအမှတ်ပြုတဲ့သဘောဖြစ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch တာ၀န်ရှိသူတဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်မှာ အာဏာပိုင်တွေရဲ့ ဖြိုခွဲမှုကြောင့် ဆန္ဒပြသူတွေနဲ့ တက်ကြွလှုပ်ရှားသူအများအပြားသေဆုံးခဲ့ပါတယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း၊ ဖမ်းဆီးထံထားရတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းဖို့ ဂျပန်နိုင်ငံက အနောက်နိုင်ငံတွေနဲ့အတူ တိုက်တွန်းခဲ့ပါတယ်။

ဂျပန်အစိုးရအနေနဲ့ ၀န်ကြီးချုပ်ဟောင်းရဲ့စျာပနမှာ သံတမန်ဆက်ဆံရေးရှိတဲ့ နိုင်ငံအားလုံးကို ဖိတ်ကြားခဲ့တာဖြစ်ပြီး စျာပနပွဲရဲ့သဘောသဘာ၀အရ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံလိုမျိုး အခြားနိုင်ငံတွေကိုလည်း ဖယ်ထုတ်ထားခြင်းမရှိဘူးလို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဆိုပါတယ်။

မြန်မာအာဏာပိုင်တွေဟာ တရား၀င်အစိုးရဖြစ်တယ်ဆိုပြီး ဒီပွဲမှာမြန်မာကိုယ် စားလှယ်တက်ရောက်ခဲ့တဲ့ပုံတွေကို အသုံးပြုကာ ဝါဒဖြန့်နေတယ်လို့ Human Rights Watch ရဲ့တာ၀န်ရှိသူတဦးဖြစ်တဲ့ Teppei Kasai ကပြောပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာအာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်တွေကို အတူတကွဆန့်ကျင်နေပေမယ့် ဂျပန်နိုင်ငံကတော့ ပြောင်းပြန်ဖြစ်နေတယ်လို့ သူကဖေ၀န်ပြောဆိုပါတယ်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်-၂ ရဲ့ နိုင်ငံတော်စျာပနမှာ သံတမန်ဆက်ဆံရေးရှိတဲ့ နိုင်ငံတိုင်းကို ဖိတ်ကြားထားတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပပေမယ့် မြန်မာ၊ ရုရှားနဲ့ ဆီးရီးယားတို့ကိုတော့ ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

Ref: Asahi Shimbun
Photo:MOFA

#voiceofmyanmar #VOM #ရှင်ဇိုအာဘေးဈာပန

Related posts

Leave a Comment

VOM News

FREE
VIEW