ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက ချမှတ်ပြီးပြစ်ဒဏ် ၂၃ နှစ်အထိရှိလာ

နေပြည်တာ်၊ စက်တင်ဘာ ၂၉-၂၀၂၂
KT(VOM)

ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်လ်တို့ကို နေပြည်တော်ထောင်တွင်း အထူးတရားရုံးကနေ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) ဂ နဲ့ ထောင်သုံးနှစ်စီချမှတ်လိုက်တယ်လို့ တရားရေးနဲ့ နီးစပ်တဲ့ အသိုင်းက သိရပါတယ်။

သူတို့နဲ့အတူ တရားစွဲဆိုခံထားရတဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့သုံးဦးလည်း ဒီပုဒ်မနဲ့ ထောင်ဒဏ်သုံးနှစ်စီချမှတ်ခံရတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအမိန့်အပေါ်မှာတစ်စုံတစ်ရာမှတ်ချက်ပြုပြောကြားတာမရှိကြောင်းနဲ့ ရုံးချိန်းပြီးပြီးချင်းမှာပဲ နေပြည်တော်အချုပ်ထောင်တွင်းပြန်လည်ထွက်ခွာသွားတယ်လို့သိရပါတယ်။

မစ္စတာရှောင်တာနယ်ကတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေဖောက်ဖျက်မှုနဲ့ နောက်ထပ်အမှုတစ်ခုကို အဲဒီ နေပြည်တော်အထူးတရားရုံးမှာဆက်လက်ရင်ဆိုင်နေရပြီး မကြာခင်မှာ အပြီးသတ် အမိန့်ချမှတ်ခံရဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒီအမှုကို စတင်စွဲဆိုစဥ်က ဖမ်းဆီးခံခဲ့ရပြီးကျန်းမာရေးအခြေအနေအရ အာမခံလျှောက်ထားခဲ့တာကြောင့် အမှုကိုပြင်ပကနေရင်ဆိုင်ခဲ့ရတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းဟာလည်း ထောင်သုံးနှစ်ချမှတ်ခံရတဲ့အတွက် အကျဥ်းထောင်ပြောင်းရွှေ့ခံရဖို့ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲခံထားရပြီး အမှု ၁၂ ခု အတွက် ထောင်ဒဏ် ၂၃နှစ်ချမှတ်ခံထားရပြီးဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ရှောင်တာနယ်

Related posts

Leave a Comment

VOM News

FREE
VIEW