လစာထုတ်ပြီးပြန်လာတဲ့ ခေါဇာရဲစခန်းမှူးနဲ့ အဖွဲ့ ပစ်သတ်ခံရပြီး ရဲ၃ ဦးသေဆုံး ၊ သေနတ် ၃ လက်ပါသွား

စက်တင်ဘာ ၊ ၃၀ ၊ ၂၀၂၂
SP(VOM)

မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ ရေးမြို့နယ် ၊ ရေး – ခေါဇာကားလမ်း ၊ ကဗျာကြီးကျေးရွာနားမှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က ခေါဇာရဲစခန်းမှူးနဲ့အဖွဲ့ ပစ်သတ်ခံရတယ်လို့ ရေးမြို့နယ် ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ရေးမြို့ကနေ လစာငွေထုတ်ပြီး ခေါဇာကို အိမ်စီးကား Mark ll 99 ကားနဲ့ အပြန် ကဗျာကြီးရွာနားမှာ အပစ်ခံရတာပါ ၊ အဲ့ဒီပစ်ခတ်မှုကြောင့် ခေါဇာနယ်မြေရဲစခန်းမှူး ရဲအုပ် ၁ ဦးနဲ့ အခြားအဆင့် တပ်ဖွဲ့ဝင် ၂ ဦး နေရာမှာတင် ကျဆုံးတယ် ၊ နောက်ပြီး BA 63 သေနတ် ၂ လက် ၊ခြောက်လုံးပြူး သေနတ် ၁ လက် ၊ စကားပြောစက် ၁ လုံး နဲ့ ရဲအသုံးအဆောင် ပစ္စည်းတွေ ၊ လစာငွေတွေ ပါသွားတယ် ” လို့ မော်လမြိုင် ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

မော်လမြိုင်မှာ နေထိုင်တဲ့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က” မွန်ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေး အသိ သတိရှိမှုနည်းတာကိုတွေ့ရတယ် ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက် ၊ ညပိုင်းကလည်း ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ကျော်ထွန်းဟာ ကားထဲမှာကျန်ခဲ့တဲ့ သူ့သေနတ်ကို သိမ်းဖို့အတွက် ဒုရဲအုပ် သူရိန်လင်း ကို ယူခိုင်းတယ် ၊ ဗိုလ်လေး သူရိန်လင်းကလည်း ကားထဲကနေ သေနတ်ထုတ်ယူအလာမှာ လက်ထဲကနေ လွတ်ကျတယ် ၊ အဲ့ဒီအချိန်မှာ သေနတ်က ကျည်ပေါက်ပြီး ဗိုလ်လေးရဲ့ ခြေသလုံးကို ဖောက်ဝင်ထွက်ပြီး ရဲမှူး ကျော်ကျော်ထွန်းရဲ့နဖူးကို သွားမှန်တယ် ၊ နောက်တနေ့ ညနေပိုင်း ရန်ကုန်ဆေးရုံမှာ အဲ့ဒီ ဒဏ်ရာနဲ့ ရဲမှူး ကျော်ကျော်ထွန်း သေဆုံးသွားတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကျိုက်ထိုမြို့နယ်ထဲ ဇင်းကျိုက်ဘက်မှာလည်း တရားရုံးထုတ် အချုပ်ကား အပစ်ခံရလို့ ရဲအရာတဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် တချို့ သေတာဖြစ်ခဲ့သေးတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ က ” ဒီမနက်မှာ ဘယ်သူပုန်မှ မကြောက်လို့ ခေါဇာကို ပြောင်းလာခဲ့တာလို့ ပြောတဲ့ ရဲစခန်းမှူးနဲ့ အဖွဲ့ကို ရေဘီလူး PDF က ရှင်းလင်းခဲ့ပြီး သေနတ် ၃ လက်ရခဲ့တယ် ” လို့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #ရေး

Related posts

Leave a Comment

VOM News

FREE
VIEW