ဧရာဝတီတိုင်းမှာ တလအတွင်း ပစ်သတ်ခံရသူ ၁၆ ဦးရှိခဲ့၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အများဆုံးပါဝင်

စက်တင်ဘာ ၃၀-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်းထဲမှာ စက်တင်ဘာလအတွင်း ပစ်သတ်ခံရလို့ လူ ၁၆ ယောက် သေဆုံးခဲ့ရပြီး အဲ့ဒီ သေဆုံးခဲ့ရသူတွေအထဲမှာ အုပ်ချုပ်ရေးအဖွဲ့ ဝင်တွေအများဆုံးပါဝင်နေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ် ။

”ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေမှာ အလုပ်ကိစ္စနဲ့ အပြင် ထွက်လာရင်း ပစ်သတ်ခံရတာတွေများတယ် ၊ လမ်းပေါ်မှာ ပစ်ခံရတာပေါ့၊ သေဆုံးခဲ့တာ ၁၆ ယောက်အထိရှိခဲ့တယ် ၊ အဲ့ဒီသေဆုံးသူတွေအထဲမှာ အုပ်ချုပ်ရေးဘက်ကလူတွေ အများဆုံးတွေ့ရတယ် ၊ တနေ့တည်း ၃ ယောက်အထိ ပစ်သတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေတောင်ရှိခဲ့တယ် ၊ ဆေးရုံရောက်မှ သေတာနည်းတယ် ၊ အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာတွေများတယ် ၊ ”လို့ ဧရာဝတီတိုင်းပုသိမ်မြို့အခြေပြု ပရဟိတအဖွဲ့ဝင်တဦးကပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့ရသူအရေအတွက်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ယောက် ၊ ရာအိမ်မှူး ၄ ယောက်၊ စာရေး ၁ ယောက် ၊ နိုင်ငံရေးသမား ၁ ယောက် နဲ့ ကျန်တဲ့ ၅ ယောက်ကတော့ အရပ်သားတွေဖြစ်ပြီး လူ ၇ ယောက်ထက်မနည်း ဆေးကုရတဲ့ ထိခိုက်ဒဏ်ရာတွေရရှိသွားတယ်လို့ သိရပါတယ်။

”ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေထဲမှာ ဒဏ်ရာတွေရရှိလို့ ဆေးရုံ ပို့ပေးရတဲ့ လူနာ ၇ ယောက်ထက်မနည်းရှိခဲ့တယ် ၊ အရပ်သားတွေက ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေမှာ နည်းပါတယ် ၊ ဆေးရုံတင်ပို့ခဲ့ရတဲ့ သူတွေထဲမှာလည်း ရာအိမ်မှူးနဲ့ စာရေးတွေကများတယ် ၊ ဒေသ မငြိမ်းချမ်းမှုတွေက တရက်နဲ့ တရက် လျော့မသွားပဲတိုးလာနေတယ် ၊ အရင်တုန်းက သမားရိုးကျဖြစ်စဉ်တွေဖြစ်လို့ ရောဂါတွေ ဖြစ်ပွားလို့ အခြားကိစ္စတွေနဲ့ ကျွန်တော်တို့ အလုပ်လုပ်ခဲ့ရတာပဲ ရှိတယ် ၊ အခု မိုးလင်းတာနဲ့ သေနတ်နဲ့ ပစ်သတ်ခံရလို့ အရေးပေါ်ကားလာပါလို့ ခေါ်တာက များတယ် ။”လို့ ဟင်္သာတမြို့ကို အခြေပြုလုပ်ကိုင်နေတဲ့ လူမှုကူညီရေး အဖွဲ့ဝင်တဦးကပြောပါတယ်။

အဲ့ဒီ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေဟာ ရေကြည်မြို့နယ် ၊ ဖျာပုံမြို့နယ် ၊ ဒေးဒရဲမြို့နယ် ၊ ဟင်္သာတမြို့နယ် ၊ ကျိုက်လတ်မြို့နယ် ၊ ဝါးခယ်မမြို့နယ် ၊ မအူပင်မြို့နယ် ၊ မြန်အောင်မြို့နယ် ၊ ကျောင်းကုန်းမြို့နယ်တွေမှာ အများဆုံးဖြစ်ပွားခဲ့တာလို့ ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ် ။

ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကိုယ်တွေ့ကြုံရသူရဲ့မိသားစုဝင် တဦးက” ဧရာဝတီတိုင်းမှာ တော့ လူ့အသက်က ပုရွက်ဆိတ်လောက်တောင် တန်ဖိုးမရှိဖြစ်နေတယ် ၊ ကျွန်မရဲ့ သားလေးက ဘဏ်ပိုက်ဆံသွားထုတ်ရင်း ပစ်ခတ်တာနဲ့ ကြုံပြီး ဒဏ်ရာရခဲ့ရတာ ၊ တနေ့မှ စိတ်မအေးချမ်းဘူး ၊ ဟိုဘက်က သတ်လိုက် ၊ ဒီဘက်က သတ်လိုက်နဲ့ လုပ်နေတာ ၊ လူမသတ်ရတဲ့ နည်းလမ်းနဲ့ ဦးမဆောင်တတ်ကြတော့ဘူးလို့ ထင်တယ်။”လို့ ပုသိမ်မြို့ခံ တဦးကပြောပါတယ်။

ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေမှာ ဘယ်အဖွဲ့ အစည်းတွေက လုပ်တယ်ဆိုတာကို ဒီကနေ့အထိ ရှင်းရှင်း လင်းလင်းမသိရဘဲ ကျူးလွန်သူတွေကို ဖမ်းမိတာမျိုးလည်း မရှိသေးဘူးလို့ ဒေသခံတွေရဲ့ပြောပြချက် အရသိရပါတယ်။

#voiceofmyanmarv#VOM #ဧရာဝတီတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW