ပို့ကုန်မူဝါဒ သတ်မှတ်ချက်တွေကြောင့် ပြောင်း ကုန်စည်ကို ရေလမ်းကြောင်ကသာ တင်ပို့နေရ

အောက်တိုဘာ ၁၄- ၂၀၂၂
SN (VOM)

ပြည်ပဈေးကွက်ကို ပြောင်းတင်ပို့ရာမှာ လက်ရှိ ထုတ်ပြန်ထားတဲ့ ပို့ကုန်မူဝါဒသတ်မှတ်ချက်တွေကြောင့် ပြောင်း ကုန်စည်တွေကို ရေလမ်းကြောင်းကသာ တင်ပို့နေရတယ်လို့ ပြောင်းကုန်သည်တွေက ပြောပါတယ်။

လက်ရှိမှာ ပြောင်းကုန်သည်တွေအနေနဲ့ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရာမှာ အခက်အခဲတွေ ရှိနေတဲ့အပြင် ပို့ကုန်တင်ပို့ရာမှာလည်း သတ်မှတ်ထားတဲ့ပို့ကုန် ရငွေဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် လက်ရှိ ပြောင်းတင်ပို့နိုင်မှုဟာ ရေလမ်းကြောင်းကိုသာ အားကိုးနေရတယ်လို့ သိရပါတယ်။

“ထုတ်ထားတဲ့ ဥပဒေတွေကလည်း စုံနေတာပဲဆိုတော့ အခက်အခဲတွေကတော့ အများကြီးပဲ။ လောလောဆယ် ရေ‌လမ်ကြောင်းကနေပဲ ပြည်ပတင်ပို့နေရတယ်။ နယ်စပ်လမ်းကြောင်းက သွားလို့မရသေးဘူး။ အခု ဥပဒေက တရားဝင်ကလည်းမှောင်ခို၊ မှောင်ခိုကလည်း တရားဝင်ဖြစ်နေတယ်” လို့ ပြောင်းကုန်သည်တဦးက ပြောပါတယ်။

အခုလက်ရှိ ပြည်ပတင်ပို့မှုမှာ ပြောင်းတစ်တန်ကို FOB ဈေး အမေရိကန်ဒေါ်လာ ၃၀၀ ဝန်းကျင် ရရှိနေပြီး ပြည်တွင်းဈေးကွက်မှာလည်း တိရစ္ဆာန်အစာအတွက် တန်ချိန် ရှစ်သိန်းကျော်အထိ ဝယ်လိုအားရှိနေတယ်လို့ သိရပါတယ်။

“ပြောင်းဈေးက ဒေါ်လာဈေးနဲ့ဆို တစ်ဒေါ်လာကို ၂၈၅ ကျပ်ကနေ ၃၀၀ ဝန်းကျင်အထိ ရှိပါတယ်။ တစ်တန်ကိုပေါ့။ အစိုးရရဲ့ exchange rate နဲ့ ပြန်တွက်လိုက်ရင် ပြည်တွင်းမှာ ပြန်ဖွင့်တဲ့ဈေးနှုန်းက ရန်ကုန်မှာဆို ၁၀၂၀ ကနေ ၁၀၃၀ လောက် သွားနေတယ်”လို့ သူက ပြောပါတယ်။

အခုကာလမှာ အိတ်စ်ပို့စ်တင်နိုင်တဲ့ပမာဏ လျော့နည်းနေပေမယ့် ပြည်တွင်းအစာစပ်လုပ်ငန်းရှင်တွေ ဝယ်ယူနေတာကြောင့် ပြောင်းလက်ကျန် တန်ချိန် ၁ သိန်းကျော် ရှိနေနိုင်တယ်လို့ ပြောင်းကုန်သည်တွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။

ပြောင်းစိုက်ပျိုးမှုရာသီအစပိုင်းမှာ မျိုးနဲ့ သွင်းအားစုဈေးတွေ မြင့်တက်ခဲ့သလို စက်သုံးဆီစျေးတွေလည်း မြင့်တက်ခဲ့တာကြောင့် တစ်ဧက ပြောင်း စိုက်ပျိုးစရိတ်မှာ ကျပ်ငါးသိန်းထိ ရှိလာတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေထက် စိုက်စရိတ် သုံးဆခန့် ပိုပါတယ်။ အဲ့ဒါကြောင့် အခု ဈေးကောင်းနေလည်း ပြီးခဲ့တဲ့ နှစ်တွေကထက် ဈေးပိုရမှသာ ကျွန်တော်တို့အတွက် တွက်ချေကိုက်နိုင်မှာပါ” လို့ ရှမ်းပြည်နယ်က ပြောင်းစိုက်တောင်သူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငါးလအတွင်း ပြည်ပကို ပြောင်းတန်ချိန် နှစ်သန်းကျော်တင်ပို့ထားပြီး မြဝတီနယ်စပ်ကနေ ထိုင်းနိုင်ငံကို ပြောင်းတင်ပို့မှု ပြီးခဲ့တဲ့ စက်တင်ဘာလက စတင်ပြီး ရပ်နားထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပြောင်းကုန်တင်ပို့မှုကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW