ပြည်တွင်း စားသုံးဆီနဲ့ ဆေးဝါးတွေ စျေးတက်ပြီး အရောင်းပိတ်မှုတွေ ရှိနေ

အောက်တိုဘာ ၂၅ – ၂၀၂၂
SN (VOM)

ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်‌ပြီလို့ ကြေညာလိုက်တဲ့နောက်ပိုင်း ပြည်တွင်း စားသုံးဆီနဲ့ ဆေးဝါးတွေ စျေးတက်ပြီး အရောင်းပိတ်ထားရမှုတွေ ရှိနေတယ်လို့ ဈေးကွက်ထဲကနေ သိရပါတယ်။

ပြည်တွင်း စားသုံးဆီဈေးတွေဟာ ၁ပိသာ ကျပ် ၆၀၀၀ ကျော်အထိ ကျဆင်းနေခဲ့တာ ရက်အနည်းငယ်ကြာ ရှိနေရာကနေ အောက်တိုဘာ ၂၁ ရက်နေ့ညပိုင်း ထုတ်ပြန်ခဲ့တဲ့ FATF ရဲ့အမည်ပျက်စာရင်းကြောင့် ဒေါ်လာဈေးအလှုပ်အခတ် ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျပ် ၈၀၀၀ အထိ ဈေးတက်ခဲ့ပြီး တချို့သောဆိုင်တွေ အရောင်းပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ဆီစျေးတွေထိုးတက်သွားပြီး ပြန်ကျတာ ၂ ပတ်ကျော်ပဲ ရှိပါသေးတယ်။ အခုက လှုပ်လှုပ်ဆိုတော့ ပြန်တက်သွားပြန်ပြီ။ ဒေါ်လာဈေးကလည်း ပြန်တက်သွားတယ်။ အခြေအနေက ဘာမှန်းမသိသေးတော့ ခဏ အရောင်းရပ်ထားပြီး အခြေအနေ စောင့်ကြည့်နေရတဲ့ သဘောပါ”လို့ ဆန်နဲ့ဆီ အဓိက ဖြန့်ဖြူးရောင်းချနေတဲ့ ကုန်စည်ဒိုင်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ၁ သောင်းဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့တဲ့ စားသုံးဆီဈေး ကျဆင်းနေတာဟာ ၂ ပတ်ကျော်သာ ရှိသေးပေမယ့် ဒေါ်လာစျေးဂယက်ကြောင့် ကျပ် ၈၀၀၀ ဝန်းကျင်အထိ ဈေးပြန်တက်သွားတဲ့အပြင် လိုသလောက် ဝယ်ယူလို့ မရဘူးလို့လည်း သိရပါတယ်။

“တချို့ဆိုင်တွေ လက်ကျန်တွေ ရောင်းပေးတာတွေရှိတယ်။ ဒါပေမယ့် လိုသလောက်တော့ ဝယ်လို့မရဘူး။ စျေးလည်း တက်သွားတယ်။ တချို့ဆိုင်တွေက စျေးအတက်အကျနဲ့ ဈေးမငြိမ်တာမှာ အရှုံးရှိမှာ ကြောက်တော့ ပစ္စည်းပြတ်လပ်တယ်ဆိုပြီး လက်ထဲရှိတာ ထုတ်မရောင်းချင်တဲ့သဘောနဲ့ အရောင်းတွေပိတ်လိုက်တာ”လို့ ပြည်သူတဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းဈေးကွက်ထဲ စားသုံးဆီစျေးတွေ မြင့်တက်နေသလို ဆေးဝါးစျေးတွေလည်း မြင့်တက်နေပြီး အရောင်းပိတ်ထားမှုတွေအပြင် အကန့်အသတ်နဲ့ ဝယ်ယူရမှု​‌တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ပုံမှန်သောက်နေကျ ဆေးအုပ်စုတွေက စျေးသိပ်မတက်ဘူး။ ရှားပါးပစ္စည်းတွေကတော့ စျေးတက်တယ်။ ဆိုင်ကြီးတွေက ဒီထက် စျေးထပ်မတက်အောင်လို့ ပစ္စည်းကို ကန့်သတ်ထုတ်ရောင်းနေတယ်လို့ ပြောတယ်။ တချို့က ဆိုင်တွေပိတ်လိုက်ကြတယ်။ လက်လီစျေးကွက်မှာတော့ အဆင်ပြေသလို ရောင်းနေကြတယ်” လို့ ဆေးဝါးလက်လီရောင်းချသူတဦးက ပြောပါတယ်။

ဒေါ်လာအတက်ကြမ်းခဲ့တဲ့ သြဂုတ်လမှစတင်ကာ ဆေးဝါးတွေဟာ တက်စျေးအတိုင်းသာရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ပတ်ကျော်ခန့်ကတော့ ပျမ်းမျှ ၁၀ ရာခိုင်နှုန်းနီးပါး ကျဆင်းမှုရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို FATF က အမည်ပျက်စာရင်း ထည့်သွင်းလိုက်‌ပြီလို့ ကြေညာပြီးတဲ့နောက် အောက်တိုဘာ ၂၁ ရက်ညပိုင်းမှာပဲ မြန်မာကျပ်ငွေ တန်ဖိုးတွေ ထိုးကျသွားခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

FATF က မကြေညာမီအချိန် ပြည်တွင်း ဒေါ်လာပေါက်စျေးဟာ အောက်တိုဘာ၂၁ ရက် ညနေပိုင်းမှာ တစ်ဒေါ်လာကို ပြင်ပပေါက်စျေး ကျပ်၂၉၀၀ ခန့် ရှိခဲ့ရာကနေ အောက်တိုဘာ ၂၂ ရက် ညသန်းခေါင်မှာတော့ တစ်ဒေါ်လာကို ကျပ် ၆၀၀၀ အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ ပြင်ပပေါက်စျေး တစ်ဒေါ်လာ ရောင်းဈေး ၃၀၅၀ ကျပ် ၊ ဝယ်ဈေး ၂၉၅၀ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #စားသောက်ကုန်နဲ့ဆေးဝါးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW