မြရည်နန္ဒာတိုက်တန်း သုံးလွှာကနေ အမျိုးသမီးတဦး ခုန်ချသေဆုံး

မန္တလေး၊ အောက်တိုဘာ – ၂၆- ၂၀၂၂
ND(VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ တန်ဖိုးနည်းအိမ်ယာ၊ တိုက် နံပါတ် (၁၄)၊ မမ (၂၆)၊ သုံးလွှာမြောက်ကနေ ဒီကနေ့မနက် ၉ နာရီခန့် က ၂၇ နှစ်အရွယ်အမျိုးသမီးတဦး ခုန်ချ သေဆုံးသွားခဲ့တယ်လို့ မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

”ကျနော်တို့ သတင်းရတာတော့ မနက် ၉ နာရီအချိန်ကပါ၊ သတင်းမရခင် ၅ မိနစ်လောက်အလိုကနေ ခုန်ချခဲ့တာလို့လည်းပြောကြတယ်၊ သုံးလွှာကနေ ခုန်ချခဲ့ပြီး တတိယထပ်က အသားတန်းနဲ့ရိုက်မိပြီး အောက်ကို တစ်ဆင့်ပြန်ကျတဲ့ အနေအထားပါ၊ သူခုန်ချတဲ့နေရာက အောက်မှာ အုပ်ခုံတွေရှိတယ်။ အဓိကနေရာ ခေါင်းကိုထိသွားတယ်။ ကျနော်တို့ရောက်တော့ သတိမေ့နေပေမယ့် အသက်ရှင်သေးတယ်။ ဆေးရုံပို့နေရင်း လမ်းမှာ အသက်ဆုံးသွားခဲ့တာလို့” မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူ ၂၇ နှစ်အရွယ်အမျိုးသမီးဟာ ပုသိမ်ကြီးမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး မြရည်နန္ဒာတန်ဖိုးနည်းအိမ်ယာက မိတ်ဆွေဆီကို မနေ့ အောက်တိုဘာ ၂၅ ရက်နေ့ညနေက ငွေရေးကြေးရေး အဆင်မပြေလို့ လာရောက်ရင်ဖွင့်ရင်း မနက်ပိုင်းမှာ တိုက်ခန်းပေါ်က ခုန်ချမှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

လတ်တလောမှာ သေကြောင်းကြံစည်မှုတွေ မြင့်တက်နေပြီး အောက်တိုဘာ ၂၄ ရက် မနက် ၉ နာရီခန့်က ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ အမှတ် ၂ ကမာကြည်တံတားပေါ်ကနေ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတဦး ခုန်ချခဲ့ပြီး ဒီကနေ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ရုပ်အလောင်းကို ပြန်တွေခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်းပိုင်း၊ အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက် နယ်မြေ (၅)မှာလည်း အောက်တိုဘာ ၂၀ ရက်နေ့က အသက် ၃၄ နှစ်အရွယ်အမျိုးသားတဦးလည်း ကြိုးဆွဲချသေဆုံးမှုဖြစ်ခဲ့ပါသေးတယ်။

Photo- မြရည်နန္ဒာလူမှုကယ်ဆယ်ရေး
#VOM #voiceofmyanmar #မန္တလေး #သေကြောင်းကြံစည်

Related posts

Leave a Comment

VOM News

FREE
VIEW