ရန်ကုန်- မန္တလေး အမြန်လမ်းမှာ ခရီးသည်တင်ကား တိမ်းမှောက်ပြီး ၃ ဦးသေ ၊ ၁၄ ဦး ဒဏ်ရာရ

အောက်တိုဘာ ၂၆ ၊ ၂၀၂၂
SP( VOM)

နေပြည်တော်ကောင်စီနယ်မြေ ၊ တပ်ကုန်းမြို့နယ် ၊ ရန်ကုန်-မန္တလေး အဝေးပြေး အမြန်လမ်းမကြီးပေါ်မှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က ခရီးသည် ကားတစ်စီး တိမ်းမှောက်ပြီး ကားပေါ်ပါ ခရီးသည် ၃ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” တပ်ကုန်းမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်းမ
ကြီး၊ မိုင်တိုင်အမှတ်(၂၂၈/၂)နဲ့ (၂၂၈/၃)အကြားနေရာမှာ Express ကားတိမ်းမှောက်တာပါ ၊ တိမ်းမှောက်ရတဲ့ အဓိက အကြောင်းအရာက အရှိန်မထိန်းနိုင်တဲ့အတွက် ဖြစ်တယ်လို့ ကနဦးယူဆရတယ် ၊ ယာဥ်ပေါ်ပါ ခရီးသည်(၁၇)ဦးအနက် အမျိုးသား (၃)ဦးသေဆုံးတယ် ၊ အမျိုးသား (၁၀)ဦးနဲ့အမျိုးသမီး(၄)ဦး စုစုပေါင်း (၁၄)ဦး ထိခိုက်ဒဏ်ရာရတယ်”လို့ အမြန်လမ်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို သုခဒါနပရဟိတအသင်း၊ မေတ္တာရေစင်တောင်ညိုပရဟိတအသင်းနဲ့ အမြန်လမ်းမကြီးပိုင် သူနာတင်ယာဉ်တွေနဲ့ နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာ၂၂ ရက်မနက်ပိုင်းကလည်း၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရွာတန်းရှည်ရွာ၊ မိုင်တိုင်အမှတ်(၁၆၂/၂)နဲ့ (၁၆၂/၃)ကြားနေရာမှာ FUSO အမျိုးအစား (၁၂)ဘီးကားနဲ့ HIACE အမျိုးအစားအန်စာတုံးယာဉ်(၁)စီးတို့ မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားပြီး HIACE အမျိုးအစားအန်စာတုံးယာဉ်ပေါ်ပါ ကျား(၆)ဦး၊ မ(၇)ဦး စုစုပေါင်း(၁၃)ဦးအနက် ယာဉ်မောင်းကျား(၁)ဦး သေဆုံးပြီး ၊ ကျား(၅)ဦး၊ မ(၇)ဦး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်မြို့နယ် ၊ ဇီးဖြူကုန်းရွာနားက မိတ္ထီလာ ကျောက်ပန်းတောင်ကားလမ်းမှာ ခရီးသည်တင်ယာဥ် ၂ စီးမျက်နှာချင်းဆိုင်တိုက်မိပြီး ကားပေါ်ပါ ခရီးသည် ၁၃ ဦးသေဆုံးကာ ၊ ၁၄ ဦး ထိခိုက်ဒဏ်ရာရတာဖြစ်ခဲ့ပါသေးတယ်။

တိုင်းဒေသကြီး၊ပြည်နယ်များနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွေမှာ ၂၀၂၂ ခုနှစ် ၉ တာကာလအတွင်း ယာဥ်တိုက်မှု ၄၂၈၂ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၂၁၀၂ ဦးနဲ့ ဒဏ်ရာရရှိသူ ၅၉၁၁ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့
#voiceofmyanmar #VOM #အမြန်လမ်း #ယာဥ်တိမ်းမှောက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW