ပြည်တွင်းစစ်ကြောင့် ရခိုင်မှာ ခရီးသွားလာရေး မတည်မငြိမ်ဖြစ်နေ

နိုဝင်ဘာ ၄- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ပြည်တွင်းစစ်ရေး ပဋိပက္ခကြောင့် မြို့နယ်ချင်း ခရီးသွားလာရေးတွေပိုမိုခက်ခဲသွားပြီး ရန်ကုန် – စစ်တွေ အဝေးပြေးလမ်းတလျှောက်မှာလည်း ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေသာ ရှိတော့တယ်လို့ သိရပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေတွေဟာ တနေ့တခြားပိုမိုပြင်းထန်လာပြီး တပ်နဲ့ အေအေတို့ရဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေဟာလည်း နေ့စဉ်ဆိုသလိုမျိုး ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အရင် ၂၀၁၇ ခုနှစ်ကစလို့ စစ်တွေမြို့နဲ့ တခြားမြို့နယ်တွေကြား ခရီးသွားလာရေးတွေ ကောင်းမွန်ခဲ့ပေမယ့် ၂၀၁၈ နှစ်ကုန်ပိုင်း စစ်ရေးပဋိပက္ခတွေနောက်ပိုင်းနှစ်တွေက စလို့ အများပြည်သူခရီးသွားလာရေးဟာ လွတ်လပ်မှု ကင်းမဲ့သွားပါတယ်။

၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီကာလတွေဟာလည်း ရခိုင်မှာ စစ်ရေးပဋိပက္ခ အပြင်းထန်ဆုံးကာလတွေဖြစ်ခဲ့ပြီး အများပြည်သူခရီးသွားလာရေးဟာ လုံခြုံမှုမရှိတော့ဘဲ အကြောက်တရားတွေနဲ့ ရှင်သန်ခဲ့ကြရပါတယ်။

၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာတော့ တပ်နဲ့ အေအေတို့ရဲ့ နှစ်ဖက်နားလည်မှုနဲ့ အပစ်ရပ်လိုက်ကြတဲ့အခါ ခရီးသွားလာရေးတွေ ပြန်လည်ဦးမော့လာနိုင်ခဲ့ပြီး အဲဒီလို ငြိမ်းချမ်းတဲ့အခြေအနေတွေဟာ ၂၀၂၁ နှစ်ကုန်ပိုင်းကစလို့ နှစ်ဖက် စစ်ရေးတင်းမာမှုတွေကြောင့် ပြည်သူတွေ ခရီးသွားလာရေး ပိုမိုခက်ခဲလာပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်သူတွေခရီးသွားလာရေး အခက်အခဲတွေအပြင် စားနပ်ရိက္ခာတွေကို အကန့်အသတ်နဲ့သာ သယ်ဆောင်ခွင့်ရတာတွေနဲ့ ဆေးဝါးတင်သွင်းခွင့်တွေကို အာဏာပိုင်တွေက ပိတ်ပင်ထားမှုကြောင့် ဒေသခံတွေရဲ့ စားဝတ်နေရေးကျပ်တည်းမှုတွေဟာလည်း ပိုမိုများလာကြောင်း အမ်းမြို့နယ်က လူမှုကူညီရေးဆောင်ရွက်နေသူ ကိုမျိုးလွင်က ပြောပါတယ်။

“အထူးသဖြင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးဝါးပစ္စည်းတွေကို ပိတ်ပင်ထားတာကတော့ အဆိုးဝါးဆုံးဖြစ်ပါတယ်။ ကျေးလက်ဒေသတွေမှာဆိုရင် လူငယ်ပိုင်းနဲ့ ကလေးငယ်တွေမှာ ကျန်းမာရေးလိုအပ်ချက်တွေရှိနေပါတယ်။ ဆေးဝါးတွေ ဈေးတက်လာလို့ ဝယ်မသောက်နိုင်တဲ့ မိသားစုတွေလည်း အများကြီး ရှိတယ်”လို့ ကိုမျိုးလွင်က ပြောပါတယ်။

လက်ရှိကာလမှာ ရခိုင်ပြည်အတွင်းက တပ်စစ်ဆေးရေးဂိတ်တွေအများအပြားမှာ စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်ပြုလုပ်နေပြီး အမ်းမြို့နယ်ဘက်တွေမှာလည်း ပြည်သူတွေ စားနပ်ရိက္ခာသယ်ယူမှုကို အကန့်အသန့်နဲ့သာ ယူဆောင်ရတယ်လို့ သူက ဆက်ပြောပါတယ်။

“ရက္ခိုင်တပ်တော်နဲ့ တပ်မတော်ကြားမှာ တကျော့ပြန်တိုက်ပွဲဖြစ်လာပြီးနောက်ပိုင်းမှာ ပြည်သူကို ပစ်မှတ်ထားတဲ့ ကန့်သတ်ပိတ်ဆိုမှုတွေ ရှိလာတယ်။ အေအေက ထိန်းချုပ်ထားတဲ့နေရာတွေမှာ အကန့်အသတ်မရှိပဲ သွားလာလို့ရပါတယ်။ ဒါပေမယ့် သူတို့(တပ်) ထိန်းချုပ်တဲ့ နေရာတွေမှာတော့ ပြည်သူတွေကို ပိတ်ပင်ထားတယ်။ လွတ်လပ်မှုမပေးပဲ အကန့်အသတ်နဲ့ သွားလာခွင့်တွေပေးတယ်။” လို့ သူကဆက်ပြောပါတယ်။

အဲဒီအခြေအနေတွေဟာ ရခိုင်ပြည်နယ်အတွင်း ပြည်သူတွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး ခရီးသွားလာရေးပိုင်းတွေမှာလည်း အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေတာဖြစ်တယ်လို့ ပြောပါတယ်။

တဖက်မှာလည်း ပြည်မနိုင်ငံရေးအကျပ်အတည်းဖြစ်နေချိန်မှာတော့ တနိုင်ငံလုံးလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာတော့ သံတွဲ၊ တောင်ကုတ်၊ ဂွနဲ့ မာန်အောင် မြို့နယ်အပြင် မြို့နယ်တချို့မှာ ဆန္ဒပြပွဲတွေဆိုပြီး ဖြစ်ပွားခဲ့သေးသော်လည်း ပြည်မဘက်မှာဆန့်ကျင်ဆန္ဒပြမှုတွေလောက်တော့ မပြင်းထန်ခဲ့ပါ ဘူး။

မြန်မာတနိုင်ငံလုံး ဆန္ဒပြပွဲတွေဖြစ်ပွားနေချိန် ရခိုင်ပြည်နယ်ဟာ ဒေသတည်ငြိမ်မှုရှိတဲ့ ပြည်နယ်တခုအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် အဲဒီတည်ငြိမ်မှုဟာ ပြည်နယ်တွင်း အေအေနဲ့ တပ်တို့ရဲ့ စစ်ရေး၊ နိုင်ငံရေး အားပြိုင်မှုတွေကြောင့် ပျက်ယွင်းသွားခဲ့ပြီး အများပြည်သူခရီးသွားလာရေးဟာလည်း အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက စပြီး မြို့နယ်တခုနဲ့ တခု သွားလာရေးတွေမှာ အများပြည်သူအသုံးပြုနေတဲ့ လမ်းတွေကို လုံခြုံရေးအကြောင်းပြချက်တွေနဲ့ ပိတ်ထားခဲ့ပြီး ပြည်တွင်းရေကြောင်းခရီးသွားလာရေးတွေမှာလည်း တောင်ကုတ်၊ ကျောက်ဖြူ စတဲ့ ခရီးစဉ်ကလွဲပြီး ကျန်တဲ့ မြို့နယ် ၅ မြို့နယ်သို့ ရေကြောင်းခရီးစဉ်တွေကို ရပ်နားထားဖို့ ညွှန်ကြားထားတယ်လို့ ရွှေပြည်တန်အမြန်ရေယာဥ်ကုမ္ပဏီ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့စက်တင်ဘာလမှာ ပြောထားပါတယ်။

လက်ရှိမှာလည်း ပြည်တွင်းရေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲခွင့်ရဖို့ ပြည်နယ်ကောင်စီကို ရွှေပြည်တန်အမြန်ရေယာဉ်ကုမ္ပဏီအနေနဲ့ စာတင်ထားပြီး အကြောင်းပြန်တာမျိုးမရှိသေးဘူးလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ ဘယ်တော့ပြန်လည်ပြေးဆွဲရမလဲဆိုတာ အတိအကျပြောဖို့ခက်ပါတယ်။ ပြည်နယ်ကောင်စီ(နစက ပြည်နယ်အစိုးရ)ဆီက ခွင့်ပြုချက်ရရင်တော့ ထွက်ရပါမယ်။ စာတင်ထားတာတော့ (၂) ရက်ရှိပြီ”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိ နိုဝင်ဘာလအစောပိုင်းနေ့ရက်တွေမှာပဲ တောင်ကုတ်၊ မောင်တော စတဲ့မြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေရှိပြီး ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်တွေထဲက မောင်တောမြို့နယ်မှာဆိုရင် ခရီးသွားလာရေးတွေကို ပိတ်ပင်ထားပြီး စစ်တွေ- မောင်တောအသွားအလာလမ်းကြောင်းနဲ့ မောင်တော မြောက်ပိုင်းဘက်ကိုလည်း ခရီးသွားလာခွင့်တွေ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း မင်းခမောင်းကျေးရွာက ထွက်ပြေးလာတဲ့ ဒေသခံတဦးက “ မောင်တောဘက်မှာ တိုက်ပွဲဖြစ်တယ်လို့တော့ ကြားတယ်။ ဒါပေမယ့် အဲ့ဒီဘက်ကလူတွေနဲ့ အဆက်အသွယ်မရဘူး။ အဓိကအခက်အခဲကတော့ လမ်းခရီးပါဘဲ။ သွားလာဖို့ လုံးဝ အဆင်မပြေဘူး”လို့ ပြောပါတယ်။

ဆက်လက်ပြီး မြောက်ဦး၊ ကျောက်တော် စတဲ့ မြို့နယ်တွေမှာလည်း ခရီးသွားလာရေးတွေ ပုံမှန်ထက်ကြာနေပြီး ရန်ကုန်- စစ်တွေ ခရီးကို အရင်က ကားနဲ့ ၁ ညအိပ်သွားရတဲ့ခရီးကို လက်ရှိမှာ ၂ ည အိပ်သွားရတယ်လို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။

“ခရီးသွားလာရတာကတော့ စစ်ဆေးရေးဂိတ်တွေရှိနေတော့ လိုရာခရီးကို ချောချောမွေ့မွေ့မသွားနိုင်ဘူး။ အရင်နှစ် ခရီးသွားလာရတာကတော့ စစ်ဆေးရေးဂိတ်တွေရှိနေတော့ လိုရာခရီးကို ချောချောမွေ့မွေ့မသွားနိုင်ဘူး။ အရင်နှစ်ကဆိုရင် အစစ်အဆေးဒီလောက်မများဘူး။ ဖြောင့်ဖြောင့်ဖြူးဖြူး သွားလို့ရတယ်။ အခုက စစ်ဆေးရေးဂိတ်တွေမှာ အစစ်အဆေးတွေအရမ်းများတယ်”လို့ သူက ပြောပါတယ်။

ရန်ကုန်-စစ်တွေကားလမ်းတလျှောက် တပ်စစ်ဆေးရေးဂိတ်တွေဟာ ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေကို စစ်ဆေးပြီး ကျောက်တော်၊ မြောက်ဦး နဲ့ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်တို့အပြင် အမ်းမြို့နယ်အတွင်းက ဂိတ်တွေမှာလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ဆိုင်ကယ်တွေကတော့ လိုင်စင်ပါရင် စစ်ဆေးရေးဂိတ်တွေက သွားခွင့်ပြုတယ်။ ဒါပေမယ့် လိုင်စင်မပါရင်တော့ သူတို့ယူထားလိုက်တယ်” လို့ ကျောက်တော်ဒေသခံတဦးက ဆက်ပြောပါတယ်။

လက်ရှိ ဆောင်းဦးကာလအရောက်မှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ပြည်သူတွေထိခိုက်နစ်မှုတွေရှိနေတဲ့အတွက် တွေ့ဆုံဆွေးနွေးရေးလိုအပ်ပေမယ့် လက်ရှိအခြေအနေတွေအရ လမ်းစမမြင်သေးဘူးလို့ လူမှုကူညီရေးလုပ်ဆောင်နေသူ ကိုမျိုးလွင်က သုံးသပ်ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိပြည်သူတွေခံစားနေရတဲ့အခက်အခဲတွေနဲ့ ပတ်သက်ပြီး ခရီးသွားလာခွင့်တွေကို ပြန်လည်ခွင့်ပြုပေးဖို့ ပြည်သူတွေက လိုလားနေပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ကောင်စီ ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ တကျော့ ပြန်ပြည်တွင်းစစ်ရေးပဋိပက္ခကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေရှိနေပြီး ကျေးလက်နေပြည်သူ သောင်းဂဏန်းဟာလည်း အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေရကာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ၇ သောင်းကျော်ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

#VOM #voiceofmyanmar #ရခိုင် #စစ်ရေးအခြေအနေ #သွားလာရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW