“လုယက်၊ အနုကြမ်းစီးမှုတွေကြားက မလုံခြုံတော့တဲ့ ပြည်သူ့ ဘဝတွေ”

သွေး (စစ်ကိုင်း)

တစ်နေ့တခြား ပိုမိုများပြားလာနေတဲ့ လုယက်မှု၊ အနုကြမ်းစီးမှု၊ ပစ္စည်းယူလူသတ်မှုတွေကြောင့်ပြည်သူတွေကြားမှာ မလုံခြုံမှုတွေလည်း ခံစားလာရပါတယ်။ ဒီလို လုယက်မှု၊ အနုကြမ်းစီးမှုတွေဟာ ရန်ကုန်, မန္တလေးလို မြို့ကြီးတွေမှာသာမက နယ်မြို့တွေမှာပါ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

ရာဇဝတ်မှုတွေ များပြားလာရတာဟာ တရားဥပဒေ စိုးမိုးမှု ချည့်နဲ့, အားနည်းတာကို ဖော်ညွှန်းနေတယ်ဆိုပြီး ဝေဖန်သံတွေလည်း ထွက်ပေါ်လာနေတာပါ။

အရင်ခေတ်ကာလတွေတုန်းက ဖြစ်ပွားခဲ့တဲ့ လုယက်မှုတွေမှာ ပစ္စည်းကိုပဲ လုယူတာ အများစု ဖြစ်ပြီးအသက် သေတဲ့အထိ သတ်ဖြတ်တာ နည်းပါးပါတယ်။

ဒါပေမယ့် လက်ရှိကာလ လုယက်,အနုကြမ်းစီးမှုတွေမှာတော့ ပစ္စည်းကို ယူရုံသာမက အသက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်သွားကြတယ်ဆိုတဲ့ သတင်းတွေကို စိတ်မကောင်းစရာ ကြားနေရပါတယ်။

လုသတ်မှုတွေဟာ လမ်းပေါ်မှာ ဖြစ်ပွားတာ ရှိသလို အိမ်ထဲအထိ ဝင်ပြီး လူယက်တာ, ဆိုင်တွေထဲထိဝင်ပြီး အနုကြမ်းစီး လုယက်တာတွေလည်း ရှိပါတယ်။ လမ်းပေါ်သွားလာ နေသူတွေဆီကနေ လက်ကိုင်ဖုန်း လုယူတာ,ပိုက်ဆံအိတ် ဆွဲလုတာ, ဆွဲကြိုးဖြတ်လုယူ ထွက်ပြေးတာ ရှိသလို ဆိုင်ကယ်ကို လုယူရာကနေ ပိုင်ရှင်ကို ပြန်ပေးဆွဲသလိုမျိုးအထိ အပေးအယူလုပ် လုယက်ကြတာတွေထိ တွေ့ရပါတယ်။

လုယက်မှု ကျူးလွန်သူတွေဟာ တယောက်တည်း ကျူးလွန်တာမျိုးထက် အုပ်စုဖွဲ့ပြီး ကျူးလွန်ကြတာပိုများလာပါတယ်။ သူတို့အဖွဲ့ထဲက တယောက်ယောက်ကို ပြန်ခုခံရင် ကျန်အဖွဲ့ဝင်တွေက ဝိုင်းဝန်းပြီး ရိုက်ပုတ် ထိုးနှက်ကြတာကြောင့် အသက်သေဆုံးသွားရတာတွေလည်း ရှိပြီး အချို့အနည်းငယ်လောက်သာ အသက်ဘေးက လွတ်‌မြောက်နိုင်ကြတာပါ။ မျက်မြင်သက်သေတွေ၊ CCTV မှတ်တမ်း သက်သေခံတွေရှိခဲ့တဲ့ အမှုတွေမှာတောင် ကျူးလွန်သူကို ဖမ်းမမိတာတွေက အများအပြားပါ။ ဒါကြောင့် ပြည်သူတွေက အပြင်ထွက်လည်း မလုံခြုံတဲ့ ခံစားမှု, အိမ်ထဲမှာလည်း မလုံခြုံတဲ့ ခံစားမှုတွေ ဖြစ်နေရတယ်လို့ ပြောဆိုလာကြပါတယ်။

လုယက်မှုတွေသာ ဖြစ်နေတာ မဟုတ်ဘဲ ရပ်ကွက်ထဲ, လမ်းတွေထဲ လှည့်လည်ခိုးနေတဲ့ ဖောက်ထွင်းမှု,ခိုးယူမှု ဖြစ်စဉ် သတင်းတွေလည်း ကြားနေရပါတယ်။ ခြံထဲမှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို ဝင်းတံခါးသော့ဖျက်ပြီး ဝင်ခိုးတာ၊ ရေမြောင်းဖုံးတွေကို ဖြုတ်ခိုးတာ၊ မီးကြိုးတွေ ဖြတ်ခိုးတာအထိ မကြုံစဖူး ထူးကဲများပြားတဲ့ ဖြစ်စဉ် တွေပါ။ ဒီနေရာမှာ တယောက်နဲ့ တယောက်၊ တစ်ခန်းနဲ့ တစ်ခန်း၊
တစ်အိမ်နဲ့ တစ်အိမ် ရိုင်းပင်းကြ, ကူညီကြတဲ့ လမ်းတွေမှာတော့ ဒီလို ခိုးယူခံရတာမျိုး နည်းတာတွေ့ရပါတယ်။ ဘာသိ, ဘာသာနေမယ်၊ လူနေကျဲမယ်၊ လမ်းမီးတွေလည်း ကောင်းကောင်းမလင်းဘူးဆိုရင်တော့ အဲဒီလို နေရာတွေမှာ ခိုးဝှက်, လုယက်မှုတွေ
ပိုအဖြစ်များပါတယ်။ ဖောက်ထွင်း, လုယက်, ဝင်ခိုးကြတာက တယောက်တည်း မဟုတ်ဘဲ အုပ်စုနဲ့ဖြစ်လို့ အိမ်ရှင်က ခိုးဝင်တာ သိလို့ ပတ်ဝန်းကျင် ကြားအောင် အော်ဟစ်အကူအညီတောင်းရင် သူတို့က ပြန်ရန်ရှာတာ၊ ရိုက်နှက်တာ၊ ဓားနဲ့ထိုးတာတွေလည်း ရှိပါတယ်။

ရန်ကုန်မြို့ရဲ့ လူနေများ စည်ကားတဲ့ နေရာတစ်ခု ဖြစ်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်, ကန်တော်လေး, မန္တလေးလမ်းမှာ နေထိုင်တဲ့ ဇနီးမောင်နှံ ၂ ယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်ဟာရန်ကုန်မြို့နေ ပြည်သူတွေကြား ထိတ်လန့်စရာ, စိတ်မကောင်း ဝမ်းနည်းစရာ ဖြစ်ခဲ့ရပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အသတ်ခံခဲ့ရတဲ့ ဇနီးမောင်နှံ ၂ ယောက်စလုံးဟာ ရူပဗေဒဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာ၊ဆရာမတွေ ဖြစ်ကြပြီး အေးအေးချမ်းချမ်း နေထိုင်သူတွေ ဖြစ်ကြလို့ပါပဲ။ ဆရာဦးမြင့်ဝေနဲ့ ဆရာမဒေါ်ခင်ခင်စန်းတို့ သတ်ဖြတ်ခံရပြီး သေဆုံးနေတာကို အောက်တိုဘာ ၃၀ ရက်နေ့ကျမှ ပတ်ဝန်းကျင်က သတိပြုမိ သိရှိခဲ့ရတာပါ။

သတ်ဖြတ်ခံခဲ့ရသူ ဆရာဦးမြင့်ဝေဟာ ‘တက္ကသိုလ်ကြယ်ပွင့်’ ကလောင်အမည်နဲ့ ရူပဗေဒဆိုင်ရာစာအုပ်စာတမ်းနဲ့ ဆောင်းပါးပေါင်းများစွာ ရေးသားပြုစုခဲ့သူ ဖြစ်လို့ အခုလို အသတ်ခံရတာဟာအင်မတန် နှမြောစရာကောင်းပါတယ်။ သတ်ဖြတ်မှု ကျူးလွန်သူ ၃ ယောက်ကိုတော့ နိုဝင်ဘာ ၃ ရက်နေ့က ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ဖမ်းဆီးရမိခဲ့တယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့လ အောက်တိုဘာ ၂၅ ရက်နေ့ကဆိုရင် မန္တလေးမြို့မှာ အဲဒီ တစ်ရက်တည်းမှာပဲ ဖုန်းအရောင်းဆိုင် ၂ ဆိုင်ကို ဓားပြတိုက်မှု ဖြစ်ခဲ့ပါတယ်။ ချမ်းမြသာစည်မြို့နယ်ထဲက ဖုန်းအရောင်းဆိုင်ကို လူ ၉ ယောက်ခန့်က ဓားပြလာတိုက်သွားပြီး သိန်း၇၀၀ တန်ဖိုးနီးပါး ပစ္စည်းတွေ ပါသွားတယ်လို့ သိရပါတယ်။

တစ်ခါ မဟာအောင်မြေ မြို့နယ်မှာ ဖုန်းအရောင်းဆိုင် တစ်ဆိုင်ကို ဓားပြလာတိုက်ရာမှာ သေနတ်အတုနဲ့ လာတိုက်တာဖြစ်ပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့က ဆိုရင်လည်း စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့ရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ကာလတန်ဖိုး သိန်း ၁ ထောင်ကျော်ရှိ ရွှေထည်ပစ္စည်းနဲ့ လက်ဝတ်ရတနာတွေ ပါသွားတယ်လို့ သိရပါတယ်။

ဖုန်းအရောင်းဆိုင်၊ ရွှေဆိုင်၊ ကုန်စုံဆိုင်တွေကို အနုကြမ်းစီးမှု၊ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေကြား အလွန်ကို စိုးရိမ်စရာဖြစ်နေပြီး တော်တော်လေး သတိထား လုပ်ကိုင်ကြရမယ့် အနေအထား ဖြစ်နေပါတယ်။

ရန်ကုန်မြို့ခံတွေကြား တုန်လှုပ်ခြောက်ခြားခဲ့ရတဲ့ လုယက်မှု တစ်ခုကတော့ နိုဝင်ဘာ ၂ ရက်နေ့ညနေပိုင်းက ပန်းဘဲတန်းမြို့နယ်၊၂၆ လမ်းမှာ ဖြစ်ပွားခဲ့တဲ့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင်နဲ့ တခြားသူ တယောက်ကို ဓားနဲ့ထိုး၊လုယက်မှုပါပဲ။ ရန်ကုန်မြို့ရဲ့ လူစည်ကားပြီးအချက်အချာကျတဲ့နေရာမှာ ဖြစ်ပွားခဲ့တဲ့ လုယက်ကျူးလွန်မှုမှာ ပါဝင်သူတွေက ၃ ယောက်ဖြစ်တယ်လို့CCTV မှတ်တမ်းတွေအရ သိရပါတယ်။ ဆိုင်ရှင်ဖြစ်သူဟာ ကံကောင်းထောက်မစွာ အသက်ဘေးက
လွတ်မြောက်ခဲ့ပေမယ့် လုယက်သူတွေဟာ သိန်းရာချီ ငွေကြေးတွေ၊ မော်တော်ယာဉ်တစ်စီးနဲ့ လက်ကိုင်ဖုန်းတွေကို လုယက်ယူဆောင်သွားပါတယ်။ ကျူးလွန်သူတွေ ယူဆောင်သွားတဲ့ မော်တော်ယာဉ်ကို ရန်ကုန်မြို့တစ်နေရာမှာ ပြန်လည် တွေ့ရှိခဲ့ရပေမယ့် ကျူးလွန်သူတွေကိုတော့ ဖမ်းမိခြင်း မရှိသေးပါဘူး။

ဒီလို လုယက်မှုတွေ၊ အနုကြမ်းစီး လူသတ်မှုတွေက နေရာမရွေး အချိန်မရွေး ဖြစ်ပွားနိုင်သလို ဘတ်စ်ကားစီးရာမှာ အုပ်စုဖွဲ့ ခါးပိုက်နှိုက် လုယက်တာတွေလည်း ဖြစ်ပွားနေတာကြောင့် ပြည်သူတွေကြား အစစအရာရာမှာ လုံခြုံမှု ကင်းမဲ့နေသလို ခံစားနေရတာပါ။ အများသူငါ သွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးအတွက် ဘတ်စကားကို အားကိုးနေရတဲ့ ရန်ကုန်မှာ အုပ်စုဖွဲ့ခါးပိုက်နှိုက်တာ လုယက်တာတွေ ပိုဖြစ်လာနေပါတယ်။ အထူးသဖြင့် လူကျပ်တဲ့ အိမ်ပြန်ချိန်၊ ရုံးတက်ရုံးဆင်းချိန်တွေမှာ ခရီးသည်တွေဆီက ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်းတွေကို နှိုက်ယူကြတာပါ။ နှိုက်ယူတာကို သတိထားမိလို့ ခရီးသည်က အော်မယ်ဆိုရင်လည်း ကျူးလွန်သူတွေက ရန်ပြုတာ, ဓားနဲ့ထိုးတာတွေ ရှိပါတယ်။ လူအနည်းငယ်ပြတ်တဲ့ နေရာတွေမှာဆို ဓားနဲ့ ထောက်ပြီး လက်ကိုင်ဖုန်း လုယက်တာတွေ ရှိပေမယ့် ခံရသူက အနီးအနားက,လူကို အော်ဟစ်အကူအညီ မတောင်းရဲတဲ့အထိ ဖြစ်နေပါတယ်။

ဘယ်ယာဉ်လိုင်းတွေမှာ ခါးပိုက်နှိုက်တာများတယ် ဆိုတာ ခရီးသည် အချင်းချင်းပဲ ပြန်သတိပေး နေရတဲ့ အနေအထားပါ။ အိမ်ထဲမှာရော အပြင်ထွက်ရင်ပါ မလုံခြုံတဲ့အထိ ဖြစ်လာနေတဲ့အတွက် တန်ဖိုးကြီး ဖုန်းတွေ မကိုင်ကြဖို့၊ ရွှေထည်ပစ္စည်း လက်ဝတ်ရတနာတွေ မဝတ်ဆင်ဖို့၊ ပိုက်ဆံအိတ် မကိုင်ဖို့ အထိ ပြည်သူအချင်းချင်း သတိပေးလာရပါတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာသာမက တခြားနယ်မြို့တွေမှာပါ လုယက် သတ်ဖြတ်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာနေတာက တရားဥပဒေ စိုးမိုးမှု အားနည်းတာကြောင့်လို့ ဥပဒေပညာရှင်တွေ က ထောက်ပြကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က ကားလမ်းဘေး တစ်နေရာမှာ ချေးငွေလုပ်ငန်းတစ်ခုက ချေးငွေအရာရှိ အမျိုးသမီးတဦးကို သတ်ဖြတ်ပြီး ပါလာတဲ့ ငွေတွေကို
လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ ကျူးလွန်သူ ၂ ယောက်ကို နိုဝင်ဘာ ၁ ရက်နေ့မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့က ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်က၊ သရွတ်ဝရွာက တက္ကသိုလ်ကျောင်းသူ တယောက် ရွှေထည်ပစ္စည်းတွေ လုယက်ခံရတဲ့အပြင် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ။ မိဘတွေ ခေတ္တအပြင်သွားနေချိန် တဦးတည်းကျန်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူဟာ ရေစည်မှာရေခပ်နေတုန်းမှာပဲ လုယက် သတ်ဖြတ်တာကို ခံခဲ့ရတာပါ။ အိမ်နောက်ဘက် ကပ်လျှက် ရေစည်မှာ ရေခပ်နေတဲ့ အခိုက်အတန့်မှာပဲ အခုလို လုယက်သတ်ဖြတ်ခံရတာဟာ ဘယ်လောက်အထိ လုံခြုံမှုကင်းမဲ့နေတယ်ဆိုတာ ဖော်ညွှန်းပြနေတာပါ။

လုယက်ရုံနဲ့ မပြီးသေးဘဲ လူကိုပါ သတ်ဖြတ်နေတာက တကယ့်ကို မဖြစ်သင့်တဲ့, လူမဆန်တဲ့ လုပ်ရပ်ပါ။ ဒီလို လုပ်ရပ်မျိုး ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အရေးမယူနိုင်ကြောင့် ကျူးလွန်မှုတွေ ပိုများလာတာလို့ ပြည်သူတွေကြား ဝေဖန်ပြောဆိုနေကြပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ကလည်း မွန်ပြည်နယ် မော်လမြိုင်မြို့နယ်က ဆိုင်ကယ် တက္ကဆီမောင်းသူတယောက်ဟာ ဆိုင်ကယ်ကို လုယက်ခံရရုံမက လူကိုပါ သတ်ဖြတ်ခံခဲ့ရတယ် လို့ သတင်းတွေအရ သိရပါတယ်။

အနုကြမ်းစီးမှု, ဓားပြတိုက်မှု, လုယက်မှု, သတ်ဖြတ်မှုတွေ များပြားလာနေတာနဲ့အမျှ ပြည်သူတွေဟာ ကိုယ့်လုံခြုံရေးအတွက် ကိုယ့်ကိုယ်ကို ကာကွယ်နေရတဲ့ အဖြစ်လို့ ဆိုရမှာပါ။ အိမ်မှာပဲနေနေ၊ အပြင်ပဲ ထွက်ထွက် အမြဲသတိရှိနေရမှာ ဖြစ်သလို တံခါးကို အလွယ်တကူ ဖွင့်မပေးဘဲ သေချာမေးမြန်းပြီးမှ ဖွင့်ပေးရမှာပါ။ အပြင်ထွက်ရင်လည်း တန်ဖိုးကြီး ပစ္စည်းတွေ ယူဆောင် မသွားသင့်သလို တန်ဖိုးကြီး ရွှေထည်ငွေထည် အပါအဝင် လက်ဝတ်ရတနာ ပစ္စည်းတွေလည်း ဝတ်ဆင်မသွားသင့်ပါ။

ကျူးလွန်သူတွေကို ဖမ်းမိရင်တောင် သူတို့ ကျူးလွန်တဲ့ ပြစ်မှုအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ် မချမှတ်နိုင်ရင် လက်ရဲဇက်ရဲနဲ့ ကျူးလွန်မှုတွေ ဆက်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မှ ဒါမှမဟုတ် ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်မှသာ လုယက်သတ်ဖြတ်မှုတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်……။

#voiceofmyanmar #VOM #လုယက်သတ်ဖြတ်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW