တောင်ဒဂုံက ကျောက်စိမ်းဖိနပ်စက်ရုံ အလုပ်သမား ၁ထောင်ကျော် လုပ်ခလစာကိစ္စနဲ့ ဆန္ဒပြခဲ့

နိုဝင်ဘာ ၉-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၁၄၁ ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းမပေါ်ရှိ ကျောက်စိမ်းဖိနပ်စက်ရုံမှာ ဒီကနေ့ မနက်ပိုင်းက အလုပ်သမားများ တစ်နေ့တာလုပ်ခ ရှစ်ထောင်ကျပ်ရရှိဖို့ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြခဲ့ရာ တောင်းဆိုချက်အချို့ ပြေလည်မှုရရှိသွားတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

ကုန်စျေးနှုန်းကြီးမြှင့်လာမှုကြောင့် တစ်နေ့တာလုပ်ခ ၄၈၀၀ ကျပ်မှာ လောက်ငမှုမရှိလို့ တစ်နေ့တာလုပ်အားခ ၈၀၀၀ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့အပါအဝင် အခြားအလုပ်သမားအခွင့်အရေးများပါ တောင်းဆိုခဲ့တာဖြစ်တယ်လို့ အလုပ်သမားတဦးက VOM ကိုပြောပါတယ်။

“၄၈၀၀ က အခုကုန်စျေးနှုန်းနဲ့ ဘယ်လိုမှ မကိုက်ဘူး၊ အဲ့ဒါကြောင့် ၈၀၀၀ ကျပ်ကို ပြောင်းပြီး ပေးဖို့တောင်းဆိုတာ၊ ရက်မှန်ကြေး ၁၅၀၀၀ ကို ၂၀၀၀၀ အထိတိုးပေးဖို့ရယ် ကျွမ်းကျင်ကြေးကိစ္စရော အချက်ငါးချက်တောင်းဆိုတာပါ”လို့ ပြောပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေဟာ တစ်နေ့တာလုပ်အားခ ၈၀၀၀ ကျပ်ရရှိဖို့၊ယခင်ပေးခဲ့တဲ့ ဆုကြေးများပြန်ပေးဖို့ ၊ရက်မှန်ကြေးကို ၁၅၀၀၀ မှကျပ်၂၀၀၀၀ တိုးမြှင့်ပေးဖို့၊ နှစ်အလိုက် နှစ်ကြေးပေးဖို့၊ ခေါင်းဆောင်ကြေးနဲ့ ကျွမ်းကျင်ကြေးပေးရာတွင် EC နှင့် Super တို့မှ သတ်မှတ်ပေးဖို့၊ တောင်းဆိုချက်များအတွက် ဝန်ထမ်းတွေကို အလုပ်ထုတ်ခြင်း၊ ခွဲခြားဆက်ဆံခြင်းမပြုဖို့ စတဲ့အချက်တွေပါဝင်တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ဆယ်နာရီကျော်မှာ အလုပ်သမားထောင်ချီက လုပ်ငန်းခွင်ကို မဝင်ဘဲ ဆန္ဒပြကြရာ အလုပ်ရှင်၊အလုပ်သမားနဲ့ဌာနဆိုင်ရာများညှိနှိုင်းမှုအပြီး တောင်းဆိုချက်မှာပါဝင်တဲ့ အချက်အချို့ အဆင်ပြေပြီး ပြေလည်သွားတယ်လို့ ညှိနှိုင်းရာမှာ ပါဝင်သူတဦးက VOM ကိုပြောပါတယ်။

“သူတို့တောင်းတာ အခြားအချက်တွေ အဆင်ပြေပေမယ့် တစ်နေ့လုပ်ခ ၈၀၀၀ ကျတော့ အဆင်မပြေဘူး၊ ဥပဒေအရလည်း မသတ်မှတ်ရသေးဘူး၊ သုံးပွင့်ဆိုင်ယန္တရားကလည်း ပျက်သွားပြီ၊ ဥပဒေမထွက်ဘဲ သူတို့ကို ၈၀၀၀ ပေးရင် အခြားစက်ရုံတွေကပါ တောင်းကြရင် ပြသာနာတက်လာလိမ့်မယ်၊ ရက်မှန်ကြေး ၂၀၀၀၀သောင်း တောင်းတာ ၁၈၀၀၀ နဲ့ အဆင်ပြေသွားတယ်၊ ကျွမ်းကျင်ကြေးကျတော့ သူတို့မှာ A အုပ်စု B အုပ်စု C အုပ်စု အလိုက်ရှိတယ် အဲ့ဒါကိုလည်း စက်ရုံဘက်က တိတိကျကျ သတ်မှတ်ပေးမယ်ဆို
ပြီး သဘောတူတယ်၊ အခုတော့ လုပ်ငန်းခွင် ပြန်ဝင်သွားပါပြီ”လို့ ရှင်းပြပါတယ်။

ကျောက်စိမ်းဖိနပ်ထုတ်လုပ်မှုကုမ္မဏီမှာ တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား ၁၆၀၀ ကျော် ရှိကာ ဒီကနေ့ ဆန္ဒပြတဲ့အလုပ်သမားဦးရေမှာ ၁၁၀၀ ကျော်ရှိတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အလုပ်သမားဆန္ဒပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW