တရုတ်အာလူး တင်သွင်းမှုကြောင့် ပြည်တွင်းဈေးကွက်ပျက်ပြီး တောင်သူတွေ အရှုံးပေါ်နေ

နိုဝင်ဘာ ၁၁ – ၂၀၂၂
SN (VOM)

ပြည်တွင်း အာလူးပေါ်တဲ့အချိန်မှ တရုတ်ဘက်က အာလူး တင်သွင်းလာတာကြောင့် ဈေးကွက်ပျက်ပြီး တောင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

လန်ကျိုး အကောက်ခွန် လက်အောက်ရှိ ကျင်းချိန် အကောက်ခွန်မှ ဒေသထွက် တန်ချိန်ပေါင်း ၃၅၀ တန်ရှိတဲ့ အာလူးတွေကို မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ခဲ့ပြီး နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံနဲ့ ဈေးကွက်သစ် ဖော်ဆောင်သွားဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒါကြောင့် တရုတ်သွင်းအားစုတွေကို ဈေးကြီးပေးဝယ်ပြီး အာလူးစိုက်ပျိုးရေး လုပ်ဆောင်ထားရတဲ့ မြန်မာတောင်သူတွေအနေနဲ့ ဈေးကွက်ပျက်ပြီး အရင်းမရတဲ့အပြင် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

“ကိုယ့်နိုင်ငံမှာ စိုက်ပျိုးနေတာကို ပြည်ပကတင်သွင်း ခွင့်ပြုတာက တောင်သူကို တမင်နှိပ်စက်ရာကျပါတယ်။ သူတို့ဆီကဝယ်ထားတဲ့ မြေဆီစရိတ်‌တွေ၊ နောက် အလုပ်သမားစရိတ်၊ မျိုးစေ့အခက်ခဲတွေကြောင့် အရင်းပြန်ရအောင် မနည်းလုပ်နေရတဲ့အချိန်မှာ အခုလို ဈေးကွက်ဖျက်တဲ့ ပုံစံတွေက အဆင်မပြေပါဘူး။ သူတို့က ဒီကစိုက်ပျိုးရေးကို ထိန်းချုပ်တဲ့ သဘော ဖြစ်နေပါတယ်။ သွင်းအားစုကျတော့လည်း လိုသလို တင်သွင်းခွင့်မပေးဘူး။ သူတို့သွင်းချင်တာကျတော့ အဆင်ပြေသလိုသွင်းနေတော့ တောင်သူတွေဘဝက တော်တော်လေးကို ဆိုးပါတယ်”လို့ ရှမ်းကပြည်နယ်(တောင်ပိုင်း) နောင်တယားဒေသမှ အာလူးစိုက်တောင်သူတဦးက ပြောပါတယ်။

တရုတ်အာလူး မဝင်ရောက်ခင် ပြီးခဲ့တဲ့တပတ်က အာလူးတပိဿာ ၂၆၀၀ ကျပ်အထိ ဈေးရရှိခဲ့ပေမယ့် လက်ရှိ တရုတ်အာလူးတွေ ဝင်ရောက်လာချိန်မှာတော့ အာလူးဈေးဟာ တပိဿာ ၂၃၀၀ ကျပ်သာ ရှိတော့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ဆီကထွက်တဲ့ အာလူးဈေးနဲ့ တရုတ်အာလူးဈေးက သိပ်မကွာပါဘူး။ ကျပ် ၁၀၀ ကျော်ဝန်းကျင်လောက်ပဲ ကွာတာ။ ဒါပေမယ့် ကျွန်တော်တို့တောင်သူတွေ အနေနဲ့ကတော့ အများကြီးကိုထိခိုက်နိုင်ပါတယ်။ ဘာလို့လဲဆို ဈေးကွက်မှာကျတော့ သုံးစွဲတဲ့သူတို့ ကုန်သည်ပွဲစားတို့ကျတော့ ပိဿာချိန် သိန်းနဲ့ချီ ချိန်တဲ့အခါကျတော့ အရမ်းကွာသွားလို့ပါ။ တရုတ်ဘက်ကဝင်လာရင် ဒီဘက်မှာ ထိခိုက်တာပါပဲ။ ဒီကတောင်သူတွေက သူတို့ဆီက သွင်းအားစုတွေကို ဈေးကြီးပေးပြီး ဝယ်ထားရတာ။ အခု သီးနှံပေါ်ချိန်မှာ ဒီလိုတင်သွင်းတော့ တောင်သူက ရှုံးပြီးပေါ့” လို့ မကွေးတိုင်းမှ အာလူးစိုက်တောင်သူတဦးက ပြောပါတယ်။

လက်ရှိ တရုတ်ကလာတဲ့ သီးနှံတွေဟာ ဈေးသက်သာမှုရှိပေမယ့်လည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် ရေရှည်အထားခံအောင်နဲ့ အထွက်နှုန်းကောင်းစေဖို့ သဘာဝမဟုတ်တဲ့ နည်းလမ်းတွေ အလွန်အကျွံသုံးစွဲထားတာကြောင့် အရင်အစိုးရခေတ်က တင်သွင်းမှုနဲ့ပတ်သက်လို့ ထိန်းချုပ်ကန့်သတ်မှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

“သွင်းကုန်နဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေက အခုအချိန်မှာ ပိုလို့တောင် များသေးတယ်။ အရေးတကြီးလိုအပ်နေတဲ့ ဆေးဝါးလို၊ ဆီလိုမျိုးဟာတွေတောင် ကန့်သတ်ချက်နဲ့ သွင်းနေရတာ။ လိုသလောက် သွင်းခွင့်လည်းမပေးဘူး။ အားလူးဆိုတာမျိုးက မဖြစ်မနေသွင်းရမယ့် ကုန်ပစ္စည်းမျိုးလည်း မဟုတ်ဘူး။ အဲ့ဒီလိုဟာကို တင်သွင်းချင်သလောက် သွင်းလို့ရနေတယ်ဆိုတာကတော့ မေးခွန်းထုတ်စရာပေါ့။ ပြီးတော့ တောင်သူကိုထိခိုက်တယ်။ စားသုံးသူတွေကလည်း ဘယ်လောက်သက်သာပြီး ဝယ်နေရလို့လဲ။ အဲ့ဒါမှမဟုတ်ရင် တရုတ်က အခုလိုဝင်လာတာက သူတို့အကျိုးရှိဖို့ပဲ ဖြစ်မှာပေါ့“ လို့ သစ်သီးဝလံအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုလို ပြည်တွင်းမှာ စားသုံးဖို့ လုံလုံလောက်လောက် ထွက်နေတဲ့အချိန် တရုတ်ကနေ အာလူးဝင်လာမှာကို အာလူးစိုက်တောင်သူတွေက မလိုလားကြဘူးလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံက အာလူးစိုက်တောင်သူတွေဟာ သူတို့ရဲ့ စိုက်ပျိုးရေးထွက်ကုန်ကို သိုလှောင်ရာမှာ ကမ္ဘာ့အာလူးတင်ပို့မှု အများဆုံး နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံမှာလို အပူချိန်ထိန်းတဲ့အခန်းတွေနဲ့ မဟုတ်ဘဲ ဂိုထောင်မှာပဲထားရတာကြောင့် သိုလှောင်ချိန်ကြာလာတာနဲ့အမျှ ပျက်စီးဆုံးရှုံးနိုင်ပြီး မရောင်းရဘဲ ကြာရှည်ထားရမယ်ဆိုရင် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ အာလူးစိုက်တောင်သူတွေက ပြောပါတယ်။

အာလူးတဧကကို စိုက်ပျိုးစရိတ် သိန်း ၃၀ ဝန်းကျင်နီးပါးရှိပြီး ပြည်တွင်း အာလူးစိုက်ဧရိယာ ၇၅ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်မှာ စိုက်ပျိုးတဲ့အပြင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း စိုက်ပျိုးလေ့ရှိတယ်လို့ သိရပါတယ်။

Photo – Original Uploader
#voiceofmyanmar #VOM #တရုတ်အာလူးဝင်ရောက်မှု #ပြည်တွင်းအာလူးတောင်သူအရှုံးပေါ်

Related posts

Leave a Comment

VOM News

FREE
VIEW