ပုဏ္ဏားကျွန်းမှာ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံ ၉ ဦး သေနတ်၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေ

နိုဝင်ဘာ ၁၁- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်က ဆင်အင်းကြီးကျေးရွာမှာ သက်ကြီးရွယ်အိုတွေအပါအဝင် ရွာသူရွာသား ၉ ယောက်ဟာ ကျေးရွာတွင်းမှာ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကပြောပါတယ်။

မနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်- စစ်တွေ အဝေးပြေးကားလမ်းမမှာ တပ်ဘက်က ကားနှစ်စီးကို အေအေက မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အခုလိုဖြစ်ပွားခဲ့တာလို့ ကျေးရွာသားတဦးက ပြောပါတယ်။

သေဆုံးသွားသူတွေဟာ အသက် (၃၀) နဲ့ (၅၀) ကျော်အရွယ်တွေအများစုဖြစ်ကြပြီး အသက် (၇၀) အရွယ် အဘွားအိုတဦးလည်း ပါဝင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆင်အင်းကြီးကျေးရွာ ဒေသခံတဦးက “ နိုဝင်ဘာ ၁၀ ရက်နေ့ ကျနော်တို့ မနက်အိပ်ရာထလို့ မျက်နှာသိပ်နေတုန်းမှာ ပေါက်ကွဲသံလေးတွေ ၅ မိနစ်လောက်ကြာ ကြားရပါတယ်။ ရွာနဲ့ အနီးအနားမှာ ပစ်သံကြားတယ်ဆိုတာနဲ့ ကျနော်တို့လည်း စိုးရိမ်သွားပါတယ်။ ကျနော်က သားသမီးတွေကိုလည်း စိုးရိမ်ပြီး ဘာဖြစ်တာလဲဆိုပြီး သွားကြည့်မယ်လုပ်တော့ သွားတာနဲ့ လက်နက်ကြီးက စပစ်ပြီ” လို့ ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ ဆင်အင်းကြီးရွာနဲ့ ပေ ၆၀ လောက်အကွာ ကားလမ်းပေါ်မှာ တပ်နဲ့ အေအေတို့ ကြား ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံတဦးက ပြောဆိုသွားတာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်တာတွေနဲ့အတူ ရဟတ်ယာဉ်တစီးနဲ့လည်း လာရောက်ပစ်ခတ်ခဲ့တယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။

“ကျနော်အိမ်ကထွက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်တယ်။ ခဏကြာတော့ လေယာဉ်တစီးလာပါတယ်။ လေယာဉ်နဲ့ပစ်ပါတယ်။ ကျနော်တို့ ဆင်အင်းကြီးရွာမှာ ၂ လုံး ၃ လုံးကျပါတယ်။ စပါးခင်းတွေလည်း ပျက်စီးသွားပါတယ်” လို့ သူကပြောပါတယ်။

အဲဒီလို ဆင်အင်းကြီးကျေးရွာနဲ့ မလှမ်းမကမ်း ကားလမ်းပေါ်မှာ ပစ်ခတ်မှုဖြစ်တာဟာ စစ်တွေတပ်နယ်ကနေ ပုဏ္ဏားကျွန်းမြို့ပေါ် တပ်ရင်းဘက်သို့ ရိက္ခာတွေပို့တဲ့ စစ်ကားနှစ်စီးကို အေအေက ကြားဖြတ်တိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဆင်အင်းကြီးကျေးရွာသားတွေဟာ မိသားစုတွေနဲ့အတူ နီးစပ်ရာကျေးရွာတွေသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ညနေ ၄ နာရီကျော်လောက်မှာ ဆင်အင်းကြီးကျေးရွာသို့ တပ်စစ်ကြောင်းတခုဝင်လာကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ဆင်အင်းကြီးကျေးရွာမှာ ဒေသခံ ၉ ဦးရဲ့အလောင်းကို တွေ့ရတဲ့အပြင် နေအိမ် ၅ ဆောင်လည်း မီးလောင်ပြာကျသွားကြောင်း အလောင်းတွေကို တွေ့ခဲ့တဲ့ ဆင်အင်းကြီး ရွာသားတဦးက ပြောပါတယ်။

သူပြောတာက “ ညနေ ၅ နာရီခွဲလောက်မှာ ရွာကိုမီးလောင်ပါပြီ။ မီးလောင်တာက ည ၁၀ နာရီကျော်လောက်မှာ ရပ်သွားပါတယ်။ ဒီနေ့ မနက် မိုးလင်းအာရုံ ၅ နာရီလောက်မှာ ကျနော်အိမ်ကို သွားကြည့်ပါတယ်။ အဲဒီမှာ သွားကြည့်တဲ့အခါ အလောင်းငါးလောင်းနဲ့ အိမ်တွေမီးလောင်နေတာတွေ့ခဲ့ရပါတယ်” လို့ ပြောပါတယ်။

သေဆုံးသူ (၉)ဦးထဲမှာ ဦးမောင်စံလှ အသက် (၃၀) ကျော်၊ ဦးခင်မောင် အသက် (၅၀) ခန့်၊ ဒေါ်မခင်လှိုင်မိခင် အသက် (၇၀)၊ ဦးထွန်းသာကျော် အသက် (၅၀) ကျော်အရွယ်၊ ဦးအေးထွန်းစိန် အသက် (၄၀) ကျော်၊ ဦးမောင်မောင်သိန်း အသက် (၃၀) ကျော်၊ ဦးကျော်ဇံ အသက် (၅၀) နှစ်၊ ဦးမောင်ကျော်သိန်း အသက် (၄၀) ကျော်နဲ့ ကျေးရွာတွင်း ဆေးကုသပေးနေတဲ့ အသက် (၅၀) ကျော်အရွယ် ဆေးဆရာတဦး တို့ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ (၉) ဦးဟာ ဘယ်လိုဖြစ်စဉ်မျိုးနဲ့ ကြုံတွေ့ခဲ့သလဲဆိုတာ မသိရကြောင်းနဲ့ သေဆုံးသူ (၉) ဦးထဲက တချို့ အလောင်းတွေမှာ ဓားဒဏ်ရာနဲ့ သေနတ်ဒဏ်ရာတွေ တွေ့ရကြောင်း အလောင်းကို တွေ့ခဲ့သူတဦးက ပြောပါတယ်။

ဆင်အင်းကြီးရွာမှာ အခုလိုမျိုး ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျေးရွာအနီး အခုလို ပစ်ခတ်သံတွေ အရင်က မရှိခဲ့ဘူးလို့ သိရပါတယ်။

နောက်ထပ်ကျေးရွာသားတွေလည်း ပျောက်ဆုံးနေတာတွေရှိပြီး လက်ရှိမှာ ရှာဖွေလျက်ရှိကြောင်း နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူ ပျောက်ဆုံးနေတာကို ရှာဖွေနေတဲ့ မလုံးလုံးက ပြောပါတယ်။

သူပြောတာက “ လောလောဆယ် ကျွန်မအမေကို ရှာမတွေ့လို့ ဘာမှမပြောနိုင်ပါဘူး။ စိတ်ပူပြီးတော့ ရှာနေတာ အခုထိ မတွေ့သေးဘူး” လို့ ပြောပါတယ်။

မနေ့က တပ်နဲ့ အေအေတို့ရဲ့ ပဋိပက္ခကြောင့် ဒီကနေ့အထိ ရန်ကုန်- စစ်တွေ ကားလမ်းတလျှောက် ကုန်ကားတွေနဲ့ ခရီးသွားတွေ လမ်းပေါ်မှာသောင်တင်နေကြပြီး ဒီကနေ့ မနက်ပိုင်းကစပြီး လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်နဲ့ အေအေတို့ စစ်ရေးပဋိပက္ခဟာ ပိုမိုပြင်းထန်လာပြီး ဒေသခံပြည်သူ အနည်းဆုံး (၅၀) ကျော်လောက် ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။

တဖက်မှာလည်း ရခိုင်ပြည်သူတွေအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့ တောင်းဆိုနေကြပြီး စစ်ရေးပဋိပက္ခကြောင့် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးဒဏ်ရာရကြတတာကြောင့် ဘဝကို အကြောက်တရားတွေနဲ့ ခက်ခက်ခဲခဲဖြတ်သန်းနေကြရတဲ့ ကျေးလက်နေပြည်သူတွေဟာ အခက်အခဲ ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရကြောင်း ဒေသခံတွေက VOM ကို ပြောပါတယ်။

ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ခု နှစ်ကုန်ပိုင်းကနေ နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ စစ်ဘေးရှောင်တွေဟာ နေရပ်ကို မပြန်နိုင်သေးတဲ့အပြင် လက်ရှိ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ သောင်းဂဏန်းဟာ အိုအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပုဏ္ဏားကျွန်း

Related posts

Leave a Comment

VOM News

FREE
VIEW