ရာအိမ်မှုးပစ်ခတ်ခံရတာနဲ့ ပတ်သက်တယ်ဆိုပြီး ကျောင်းဆရာ အပါအဝင် ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံထားရ

နိုဝင်ဘာ ၊ ၁၈-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် မလော့ရွာအုပ်စုက၊ ရာအိမ်မှူးမြင့်ဇော် သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ကျောင်းဆရာတဦး အပါအဝင် ဒေသခံ အယောက် ၃၀ ကျော်ကို သက်ဆိုင်ရာက ဒီလ ၁၅ရက်အတွင်း ဖမ်းဆီးထားတယ်လို့သိရပါတယ်။

မလော့ကျေးရွာအုပ်စု ၊ရာအိမ်မှူး ဦးမြင့်ဇော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် ညပိုင်းက နေအိမ်မှာရှိနေတဲ့ အချိန် သေနတ်သမား ၂ ဦးက လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ရရှိတဲ့ဒဏ်ရာတွေနဲ့ ဘိုကလေးမြို့ကုတင် ၁၀၀ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ရာအိမ်မှူး ပစ်ခတ်ခံရတာကြောင့် ဖြစ်စဉ်မှာပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး ကျုံစိန်ကျေးရွာမှာ တာဝန်ကျနေတဲ့ မူလတန်းပြ ကျောင်းဆရာ ကိုထွေးလွင် အပါအဝင် ဒေသခံ အယောက် ၃၀ ကျော်ကို သက်
ဆိုင်ရာက နိုဝင်ဘာ ၃ ရက် ညနေကနေ ဒီကနေ့ အထိ ၁၅ ရက်အတွင်း ဖမ်းဆီးထားတာလို့ သိရပါတယ်။

”အဖမ်းခံရတာ မနည်းဖြစ်နေပြီ ၊ ညနေဘက်နဲ့ ညဘက်တွေမှာ လာဖမ်းတာများတယ် ၊ ကျုံစိန်ကျေးရွာမှာတာဝန်ကျနေတဲ့ ကျောင်းဆရာ ကိုထွေးလွင်ကိုပါ ဖမ်းထားတာ ၊ ရာအိမ်မှူးကို ပစ်ခတ်သွားတဲ့ သေနတ်သမားက ၂ ယောက် ၊အခု ဖမ်းခံရတာက လူ ၃၀ ကျော်နေပြီ ၊ လူ ၃၀ ကျော်က သတ်သလိုဖြစ်နေတယ်။”လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူကပြောပါတယ်။

အဖမ်းခံရသူတွေဟာ မလော့ကျေးရွာ ၊ ပေချောင်းကျေးရွာ ၊ မရမ်းကွဲကျေးရွာနဲ့ ပေချောင်းကလေးကျေးရွာ စတဲ့ ကျေးရွာတွေက အမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား ၂၃ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

”သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ မစုစုလှိုင် ၊မအိမွန်ထွန်း ၊မစန္ဒာခိုင် ၊ မလဲလဲဝင်း ၊ မအိ့အိ့မိုး ၊ မသဲစု ၊ မမှုံလေး ၊ ဇာဇာတို့လို မိန်းကလေးတွေနဲ့ အခြားသူတွေ အဖမ်းခံရတာ၊ သူတို့တွေ မိသားစုနဲ့ တွေ့ဆုံခွင့်ရရှိရေးနဲ့ အခြားအခွင့်အရေးတွေ ရရှိဖို့ ဆောင်ရွက်ပေးနေတယ် ၊လက်ရှိတော့ တယောက်မှ အမှုမဖွင့်သေးပါဘူး ၊ ရဲစခန်းမှာပဲ စစ်ဆေးနေတယ်လို့ သိရတယ်။”လို့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။

လက်ရှိ အဖမ်းခံရသူတွေထဲမှာ လူလတ်ပိုင်းအရွယ် အမျိုးသား ၆ ယောက်နဲ့ လူငယ်ပိုင်းအရွယ် အမျိုးသား ၁၇ ယောက် ၊ အမျိုးသမီးငယ် ၈ ယောက်ဖြစ်ပြီး သူတို့ကို ဘိုကလေးမြို့မ ရဲစခန်းမှာထားရှိတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုင်ငံရေးပြောင်းလဲတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ဒီကနေ့အထိ လပေါင်း ၂၀ ကျော်အတွင်း ပစ်ခတ် ၊ ပစ်သတ်တဲ့ ဖြစ်စဉ်တွေကြောင့် ဖမ်းဆီးခံရသူ အယောက် ၁၀၀၀ ကျော်ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကျိုက်လတ် ၊ မအူပင် ၊ ပန်းတနော် ၊ ဟင်္သာတ၊ ရေကြည် ၊ ဖျာပုံ ၊ မော်လမြိုင်ကျွန်း ၊ ဘိုကလေး ၊ မြောင်းမြ ၊ ဝါးခယ်မ ၊ ဓနုဖြူ ၊ ကျောင်းကုန်း ၊ မြန်အောင် ၊ ငပုတော ၊ ပုသိမ် စတဲ့မြို့နယ်တွေကအဖမ်းခံရတာအများဆုံးဖြစ်တ
ယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဘိုကလေး

Related posts

Leave a Comment

VOM News

FREE
VIEW