ငွေတန်ဖိုးကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှု အန္တရာယ်

နိုဝင်ဘာ ၁၈ – ၂၀၂၂
SN (VOM)

နိုင်ငံခြားငွေလဲနှုန်း ကျဆင်းခြင်းကို နိုင်ငံခြားငွေလဲနှုန်း တန်ဖိုးလျော့ကျခြင်းလို့ ခေါ်ပါတယ်။ တနည်းအားဖြင့် နိုင်ငံခြားငွေလဲနှုန်း ကျဆင်းခြင်းကို ပုံသေ နိုင်ငံခြားငွေလဲနှုန်းစနစ်အတွင်း ငွေတန်ဖိုးလျှော့ချခြင်းလို့လည်း ခေါ်ပါတယ်။ ဆိုလိုတာကတော့ တခြားနိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးနဲ့နှိုင်းယှဉ်ရင် မိမိနိုင်ငံရဲ့ ငွေကြေးတန်ဖိုးမဲ့နေခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံရဲ့ငွေကြေးတန်ဖိုး ကျဆင်းတဲ့အခါ နိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းပါတယ်။ အဲ့ဒီ့အချိန်မှာ ပို့ကုန်ဈေးနှုန်း ပိုမိုကြီးမြင့်လာပါတယ်။ ဥပမာအားဖြင့် အမေရိကန်ဒေါ်လာရဲ့တန်ဖိုးကျဆင်းခြင်းက အဲ့ဒီနိုင်ငံရဲ့ပို့ကုန်တွေ ကမ္ဘာ့ဈေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်နိုင်စေပါတယ်။

သို့ပေမယ့်လည်း အမေရိကန်နိုင်ငံအတွင်းကို တင်သွင်းလာတဲ့ သွင်းကုန်တွေရဲ့စရိတ်ကို မြင့်တက်စေတာကြောင့် ငွေတန်ဖိုးကျဆင်းခြင်းက ပို့ကုန်ပမာဏကို တိုးတက်စေပြီး သွင်းကုန်ပမာဏကို လျော့ကျစေပါတယ်။

ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးအစီရင်ခံစာအရ နိုင်ငံခြားငွေလဲလှယ်မှုနှုန်း အကျပ်အတည်းတရပ် ပေါ် ပေါက်နေသလို အရန်ငွေပမာဏလည်း နည်းပါးနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

နိုင်ငံခြားငွေလဲလှယ်မှုနှုန်း အကျပ်အတည်းတရပ်လို့ ဆိုရာမှာ အခုနှစ်ထဲ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ ပြဌာန်းချက်တွေဖြစ်တဲ့ ပြည်ပမှ နိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့ ဝင်ငွေတွေကို အလုပ်လုပ်ရက် တရက်အတွင်း နိုင်ငံခြားငွေစာရင်းဖွင့်ပြီး အေဒီလိုင်စင်ရဘဏ်တွေမှာ လဲလှယ်ရောင်းချရေး၊ အမေရိကန်တဒေါ်လာ လဲလှယ်နှုန်း ကျပ်၂၁၀၀ သို့ ပြောင်းလဲခဲ့ကာ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနဲ့ မဖြစ်မနေ လဲလှယ်နိုင်ရေးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ပချေးငွေအသီးသီးရဲ့ အတိုးနဲ့အရင်း ပြန်လည်ပေးဆပ်ခြင်းကို ဆိုင်းငံ့ခြင်းနဲ့ တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်နေတဲ့ အွန်လိုင်းလုပ်ငန်းတွေကို ထိရောက်စွာ အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ကြေညာမှုတွေကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ အဲ့ဒီလို ကြေညာချက်တွေ အဆက်မပြတ်ထုတ်ပြန်ပြီး နိုင်ငံခြားငွေကြေးဈေးကွက်ကို ထိန်းချုပ်လိုက်ပြီးတဲ့နောက် ပြင်ပဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေး ဆက်တိုက်ဆိုသလို မြင့်တက်လာခဲ့တာပါ။

အခုလို ဖြစ်ပေါ်လာချိန် ဈေးကွက်တွင်း အမေရိကန်ဒေါ်လာရှားပါးပြီး ဝယ်လိုအားများကာ တရားဝင် သတ်မှတ်ဈေးနှုန်းနဲ့ ပြင်ပဈေးကွက်ပေါက်ဈေး ကွာဟမှု ကြီးမားလာခဲ့ပါတယ်။

နိုင်ငံရေးအပြောင်းအလဲ မဖြစ်ပေါ်မီက တဒေါ်လာ ၁၃၀၀ ကျပ်ဝန်းကျင်မှာသာရှိခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင်းက ပြင်ပဈေးကွက်မှာ တဒေါ်လာ ကျပ် ၅၀၀၀ နီးပါး၊ စက်တင်ဘာ ပထမပတ်အတွင်း တဒေါ်လာ ၃၅၀၀ နီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့ကာ ကျပ်ငွေတန်ဖိုး ကျဆင်းလာခဲ့ပါတယ်။

“ငွေကြေးဖောင်းပွမှုက ကြောက်စရာကောင်းပါတယ်။ ဥပမာ စုထားတဲ့ငွေဟာ အရင်က ဆန် ၁၀ တင်း ဝယ်လို့ရနေရာကနေ နေရင်းထိုင်ရင်း တစ်ဖြည်းဖြည်းနဲ့ ဆန် ၁၀ တင်းမရတော့ဘဲ ဆန် ၉ တင်း ၈ တင်းလောက်ပဲ ဝယ်လို့ရတော့တာမျိုးပါ။ ငွေကြေးဖောင်းပွမှုတွေဖြစ်လာရင် လက်ထဲမှာ ငွေကိုင်ထားတဲ့သူတွေ အဆုံးအရှုံး ရှိပါတယ်။ ငွေကို အိမ်မှာ သော့ခတ် သိမ်းထားရင်တော့ အလိုလိုနေရင်း ရှုံးနေမှာပါ” လို့ စီးပွားရေးပညာရှင်တဦးက ပြောပါတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး တနှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအဖြစ် ၁၄ ဒသမ ၁ ရာခိုင်နှုန်းကို ရောက်ရှိနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ရဲ့ ၂၀၂၂ ခုနှစ် စာရင်းတွေမှာ ဖော်ပြထားပါတယ်။

IMF ရဲ့အချက်အလက်တွေအရ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၁၂ ခုနှစ်မှာ ငွေ ၀ ဒသမ ၄ ရာခိုင်နှုန်းနဲ့ နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင် ၂၀၂၁ ခုနှစ်မှာ ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၂ ဧပြီလမှာတော့ ၁၄ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်နေတာပါ။

ငွေကြေးဖောင်းပွမှု မြင့်တက်လာရတာဟာ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုစရိတ်တွေ ဈေးကြီးမြင့်တာ၊ ကျပ်ငွေ တန်ဖိုးကျဆင်းတာ၊ နိုင်ငံခြားငွေအလုံအလောက်မရှိတာ စတဲ့ အကြောင်းအရာတွေကြောင့် ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။

“ငွေကြေးဖောင်းပွမှုဟာ ငွေတွေကို ကိုင်ထားတဲ့သူတွေအတွက် အဆုံးအရှုံးများတာ မှန်ပေမယ့် စုမိငွေမရှိတဲ့ သူတွေကိုလည်း ရိုက်ခတ်စေပါတယ်။ ကုန်ဈေးနှုန်းကြီးလာတတ်လို့ ဝင်ငွေနဲ့ မလောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ စုထားတဲ့ ငွေ မရှိရင် ပိုဒုက္ခရောက်တတ်ပါတယ်။ ဒါ့ကြောင့် အခုကတည်းက ချွေတာစုဆောင်းတာတွေ လုပ်ကြပါ။ ကုန်ဈေးနှုန်းတွေကတက်ပြီး ဝင်ငွေက မတိုးရင် တဦးချင်းအနေနဲ့ လုပ်လို့ရတာကတော့ ဝင်ငွေ ပိုကောင်းတဲ့ အလုပ်ကို ပြောင်းလုပ်ဖို့ပါ။ မလွယ်ပေမယ့် ဒီလိုပဲ ကြိုးစားရှာဖွေလုပ်ကိုင်ရမှာပါပဲ”လို့ စီးပွားရေးပညာရှင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု၊ ဒေါ်လာရှားပါးမှုနဲ့ ကာလရှည်ကြာ ပြည်တွင်းပဋိပက္ခတွေဖြစ်ပွားမှုဟာ ကိုဗစ်ကြောင့်ထိခိုက်ခဲ့ရတဲ့ စီးပွားရေးပြန်လည်နာလန်ထူရေးမှာ စိန်ခေါ်မှုတွေရှိနေတာကြောင့် မြန်မာ့စီးပွားရေး အလားအလာဟာ နိမ့်ပါးနေသေးတယ်လို့ ကမ္ဘာ့ဘဏ်က ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခု ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း ပြည်တွင်း လောင်စာဆီဈေးနှုန်း ၇၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားခဲ့ပြီး ကျပ်ငွေ တန်ဖိုး လျော့ကျသွားခြင်း၊ ကုန်ကြမ်းကွင်းဆက် ပြတ်တောက်ခြင်းနဲ့ သယ်ယူပို့ ဆောင်ရေးစရိတ် မြင့်တက်လာမှု အကျိုးဆက်များကလည်း သွင်းကုန်အမျိုးအစားများစွာကို ဈေးနှုန်းကြီးမြင့်စေခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောထားပါတယ်။

လက်ရှိမှာ ပြည်တွင်းက လုပ်ငန်းအများစု ရပ်နားလာရပြီး လုပ်သားအများစု အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးတာတွေ၊ အလုပ်ရှားပါးမှုများ ပြဿနာတွေ ဆက်တိုက်ကြုံတွေ့နေရပြီး အခြေခံကုန် စည်ဈေးနှုန်း ကြီးမြင့်လာမှုဒဏ်ကိုပါ ပြည်သူတွေအနေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပြီပဲဖြစ်ပါတယ်။

“ဒီအချိန်မှာ အကုန်လုံးလိုလို ဈေးတက်နေတာ။ ကျတာမရှိသေးဘူး။ ဈေးတခါသွားရင် ပိုက်ဆံပါသမျှ အကုန်ကုန်တာပဲ။ တသောင်းကုန်သွားတာတောင် မလောက်ချင်ဘူး။ နံနံပင်လေးဝယ်တာတောင် တဆယ်သား ၂၅၀၀ တဲ့၊ နံနံပင်ကအစ ဈေးတက်နေတာ။ ဒါတောင် နံနံပင်က မသုံးမဖြစ်သုံးရမယ့်ဟာမဟုတ်သေးဘူး။ မသုံးမဖြစ် သုံးရမယ့်ဟာတွေကတော့ ပြောမနေပါနဲ့တော့။ အကုန်တက်နေတာချည်းပဲ”လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်သူတွေဟာ ကျပ်ငွေတန်ဖိုး ကျဆင်းပြီး နိုင်ငံခြားငွေဈေးမြင့်တက်ခြင်းကြောင့် ဆင့်ကဲဖြစ်ပေါ် လာတဲ့ ကုန်ဈေးနှုန်းကြီးမြင့်လာမှုရဲ့ အကျိုးဆက်ကို ခါးစည်းခံနေကြရတာပဲဖြစ်ပါတယ်။

နိုင်ငံခြားငွေဈေးမြင့်တက်မှု၊ နိုင်ငံတဝန်း လောင်စာဆီဈေးကြီးမြင့်မှု၊ စစ်ပွဲပဋိပက္ခတွေအကြား လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာမှုတွေကလည်း အခြေခံကုန်စည်ဈေးနှုန်း မြင့်တက်လာစေတဲ့ အကြောင်းရင်းတခုဖြစ်ပြီး မဖြစ်မနေ ဖြေရှင်းရမယ့် အဓိက အချက်တချက်လည်း ဖြစ်ပါတယ်။ ဒီအခြေအနေတရပ်အပေါ် အချိန်မီ ထိန်းချုပ်နိုင်မှုမရှိဘူးဆိုရင်တော့ ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ ပိုမိုကျပ်တည်းလာပြီး ခက်ခဲတဲ့လမ်းကို လျှောက်နေကြရဦးမှာပဲ ဖြစ်ပါတယ်။ ။

#voiceofmyanmar #VOM #ငွေကြေးဖောင်းပွမှုကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW