ဆားလင်းကြီးမြို့မှာ ၁ ပတ်အတွင်း လူမှုကူညီရေး၊ စည်ပင် နဲ့ သစ်တောရုံးက ကား ၅ စီး ပျောက်ဆုံး

နိုဝင်ဘာ ၂၉ -၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ ကားတွေ လုယက် ပျောက်ဆုံးတာဟာ အခု ၁ ပတ်အတွင်း ကား ၅ စီးရှိပြီဖြစ်တယ်လို့ ဆားလင်းကြီးမြို့ခံတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၂၁ ရက် မနက်ပိုင်း ၁၁ နာရီလောက်မှာ ဆားလင်းကြီးမြို့၊ အမှတ် ၂ ရပ်ကွက်မှာနေတဲ့ ဦးဘိုဆောင်းအိမ်မှာ အခြေပြုတဲ့ ကရုဏာရှင် လူမှုကူညီရေးအသင်းက ပရဟိတကား ၃ စီး ဓားပြတိုက် လုယက်ခံရတယ် ၊ အဲ့ဒီနောက် နိုဝင်ဘာ ၂၅ ရက် မနက် ၁ နာရီဝန်းကျင်မှာ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ မြို့နယ်စည်ပင်သာယာ ဌာနက ရုံးကား ၁ စီး ဓားပြတိုက် လုယက်ယူခံရတယ် ၊ အဲ့ဒိအပြင် နိုဝင်ဘာ ၂၇ ရက် မနက် ၉ နာရီလောက်မှာ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ မြို့နယ်သစ်တောရုံးထဲမှာထားတဲ့ ဖမ်းဆီးထားတဲ့ သက်သေခံ သစ်ကားဟောင်း ၁ စီး ဓားပြတိုက် လုယက်သွားတယ် ၊ အခုတပတ်အတွင်း ဆားလင်းကြီးမြို့ပေါ်မှာ ကား ၅ စီး လုယက်ဓားပြတိုက်ခံရတယ်”လို့ ဆားလင်းကြီးမြို့ခံ တယောက်က ပြောပါတယ်။

ဆားလင်းကြီးမြို့ခံ ဌာနဆိုင်ရာ ဝန်ထမ်းတယောက်က” မျက်နှာမှာ ပုဝါတွေအုပ်ထားပြီး သေနတ်တွေ ကိုယ်စီကိုင်ထားတဲ့ လူ ၁၀ ယောက်ကျော်လောက်က လာပြီး ဓားပြတိုက် လုယူတာဖြစ်တယ် ၊ ပရဟိတကားတွေရော ဌာနဆိုင်ရာကားတွေပါ လုယူခံနေရတာ ၊ ဘယ်အဖွဲ့အစည်းက လုတယ် တိုက်တယ်ဆိုတာကတော့ မသိရဘူး”လို့ ပြောပါတယ်။

ဆားလင်းကြီးမြို့ခံ ကုန်စုံဆိုင်လုပ်ငန်းရှင် တယောက်ကလည်း” ဆားလင်းကြီးမြို့ပေါ်မှာက မကြာခဏ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခံရတယ် ၊ မြို့ခံ သူဌေးပိုင်းတွေက မြို့ကိုစွန့်ခွာပြီး မုံရွာ ၊ မန္တလေး ၊ ပြင်ဦးလွင်ဘက်ကို ပြောင်းနေကြတယ် ၊ အရပ်ထဲက ကားပိုင်တွေကလည်း သူတို့ကားတွေ လုယက်ခံရမှာ ကြောက်တော့ ပြန်မလာကြတော့ဘူး ၊ မြို့ပေါ်မှာက ဌာနဆိုင်ရာကားတွေ လုယက်ခံရတာ ၊ ရုံးတွေ မီးရှို့ခံရတာတွေဖြစ်တယ် ၊အဲ့ဒါကြောင့် မြို့ခံ ကားပိုင်တွေနဲ့ သူဌေးတွေက မြို့ကိုစွန့်ခွာနေကြတာ “လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် ၊ မြင်းမူမြို့နယ် ၊ အရာတော်မြို့နယ် ၊ ဝက်လက်မြို့နယ် ၊ ခင်းဦးမြို့နယ် ၊ ယင်းမာပင်မြို့နယ် ၊ တန့်ဆည်မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တွေမှာ အခုလို လူမှုကူညီရေးပရဟိတကားတွေကို အမည်မသိ လက်နက်ကိုင်ထားသူတွေက လုယူတာတွေ ဖြစ်ခဲ့ဖူးတယ်လို့ ဒေသခံပရဟိတသမားတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းထဲက လူမှာကူညီရေး ပရဟိတယာဥ် ၁၂ စီး ၊ ဌာနဆိုင်ရာယာဥ် ၂၂ စီး ၊ ဘုန်ကြီးကား ၄၁ စီး ၊ အိမ်စီးကား ၂၆ စီး ၊ ဆီဘောက်ဆာယာဥ် ၃ စီး ၊ ဘိလပ်မြေသယ် နောက်တွဲယာဥ် ၁ စီး ၊ ဆောက်လုပ်ရေးသုံး သံချောင်းသယ်ယာဥ် ၁၂ဘီး ၂ စီး ၊ Express ခရီးသည်တင်ကား ၁ စီး တို့ကို လုယူပျောက်ဆုံးသွားတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး

Related posts

Leave a Comment

VOM News

FREE
VIEW