အိမ်ထောင်စုနည်းလို့ အမေ့လျော့ခံဖြစ်နေကြရတဲ့ ပလက်ဝက စစ်ဘေးရှောင်တွေ

ဒီဇင်ဘာ ၂ – ၂၀၂၂
SW (VOM)

ပလက်ဝမြို့နယ်ကနေ စစ်ဘေးကြောင့် လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်တွေဟာ စစ်တွေမြို့နယ်၊ အုန်းရည်ဖော်ကျေးရွာရဲ့ ဘုန်းကြီးကျောင်းအနီးမှာ တဲအိမ်တန်းလျားနဲ့ နေထိုင်နေရတယ်လို့ သိရပါတယ်။

အုန်းရည်ဖော်စစ်ဘေးရှောင်စခန်း (ခ)ရေချမ်းပြင်စစ်ဘေးရှောင်စခန်းလို့ လူသိနည်းတဲ့ အဲ့ဒီ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု (၂၀) စုနဲ့ ကလေး၊ လူကြီး အပါအဝင် လူဦးရေ (၈၈)ဦး ရှိပြီး ပလက်ဝမြို့နယ် သူဌေးကုန်း၊ နမဒါ၊ တမန်းသားနဲ့ ကြက်ဥဝ စတဲ့ ကျေးရွာတွေက ထွက်ပြေးလာသူတွေဖြစ်ပါတယ်။

သူတို့နေတဲ့ တဲအိမ်တန်းလျားတည်ဆောက်ထားတဲ့နေရာဟာ မယူမြစ်(မေယုမြစ်)နဲ့ နီးတာကြောင့် တခါတလေ ဒီရေအတက်အကျရှိပြီး လက်ရှိမှာလည်း နေ့စဉ်နဲ့အမျှ ရွံ့ပုတ်နံ့တွေကို ရှူရှိုက်ကာ ရှင်သန်ရပ်တည် နေရတယ်လို့ သိရပါတယ်။

အဲ့ဒီမှာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာက စစ်ဘေးရှောင်အမျိုးသမီးတဦးက “ဒီမှာနေရတာက စားရေးသောက်ရေးလည်း အခက်အခဲရှိပါတယ်။ ရေလည်း အခက်အခဲရှိပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးလည်း ဆေးရုံဆေးခန်းသွားဖို့ လမ်းခရီး အခက်အခဲရှိပါတယ်။ စာရေးသောက်ရေးလည်း မဖူလုံပါဘူး။ ဒီနေရာမှာ မနေချင်တော့ပါဘူး။”လို့ ပြောပြပါတယ်။

နောက်ထပ် စစ်ဘေးရှောင်အမျိုးသမီး တဦးကလည်း“ ဒီနေရာမှာနေရတာ ကျမတို့ အမျိုးသမီးတွေအတွက် ဘာလုံခြုံမှုမှမရှိပါဘူး။ အစစ အရာရာ အားလုံးအခက်အခဲပါပဲ။ နောက်ပြီး ဒီက အမျိုးသမီးတွေမှာ လစဉ်သုံးပစ္စည်းတွေလည်း အခက်အခဲပါပဲ။ ကူညီလှူဒါန်းတဲ့သူတွေလည်း မရောက်ဘူး။ ဝမ်းရေးအတွက် ငွေမရှိလို့ ရွာတွေမှာ လိုက်ပြီး အလှူခံရင်လည်း မရကြဘူး။ ရှက်စရာလည်း ကောင်းပါတယ်”လို့ ပြောပြပါတယ်။

နိုဝင်ဘာလမတိုင်မီ သူတို့လက်ရှိနေထိုင်နေတဲ့ စစ်ဘေးရှောင်စခန်းနေရာက ဖယ်ပေးရတော့မှာဖြစ်တာကြောင့် သူတို့အတွက် ခိုလုံနေထိုင်မယ့် နေရာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

ဒီအခက်အခဲနဲ့ ပတ်သက်ပြီး အသက် (၆၀)အရွယ် အဘွား ဒေါ်ကြာစိန်ဖြူက “ဥက္ကဋ္ဌကလည်း ဒီနေရာမှာ မထားတော့ဘူးလို့ ပြောတယ်။ အဘွားတို့ကလည်း အခုကလမ်းတွေပိတ်ထားတော့ ဘယ်မှသွားလို့မရဘူး။ ဒီလိုနဲ့ လမ်းတွေပြန်ဖွင့်တဲ့အထိ နေပါမယ်လို့ အာမခံနဲ့ တောင်းပန်ပြီး နေကြတာပါ။”လို့ ပြောပါတယ်။

သူတို့အနေနဲ့ မွေးရပ်ဌာနေကို ပြန်ချင်ကြပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်ပြန်မယ့် မျှော်လင့်ချက်လည်း တနေ့တခြားပျောက်ဆုံးလာနေတယ်လို့ ပြောဆိုကြပါတယ်။

#voiceofmyanmar #VOM #ပလက်ဝ #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW