ထိုင်းနိုင်ငံကိုသွားမယ့်သူတွေ အလုပ်သမားသဘောတူစာချုပ်ချုပ်ဖို့ ရန်ကုန်ကို လာဖို့မလိုအပ်တော့

ဒီဇင်ဘာ ၅-၂၀၂၂
GG (VOM)

ထိုင်းနိုင်ငံကို အလုပ်သမားပို့မယ့် လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်စာချုပ် ချုပ်ဆိုတဲ့အခါ အလုပ်သမားတွေ နေထိုင်တဲ့ ပြည်နယ်နဲ့တိုင်းအလိုက်မှာ စာချုပ်ချုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ထိုင်းကိုအလုပ်သွားလုပ်မယ့် အလုပ်သမားတွေအနေနဲ့ ငွေကုန် အချိန်ကုန်ခံပြီး မိမိနေထိုင်ရာ မြို့ကနေ ရန်ကုန်ကိုလာရောက်ဖို့မလိုအပ်တော့ဘူးလို့ သိရပါတယ်။

” ကိုယ့်နေတဲ့နေရာနဲ့ အနီးဆုံးမှာ စာချုပ်ချုပ်ရမယ်ဆိုတော့ ကောင်းတာပေါ့။ ရန်ကုန်သွားခ ကားခသက်သာမယ်၊ စားစရိတ်သက်မယ်၊နေစရိတ်ရောအကုန်သက်သာသွားပြီ။အိမ်ကလူတွေလည်း အကုန်လိုက်လေ့လာလို့ရတာပေါ့။ “လို့ ထိုင်းကိုသွားဖို့စောင့်နေသူတဦးက ပြောပါတယ်။

အလုပ်သမားစာချုပ်ချုပ်ဆိုဖို့ ပြည်နယ်နဲ့တိုင်းအလိုက်သတ်မှတ်လိုက်တဲ့နေရာတွေကတော့ ရန်ကုန်တိုင်းမှာဆိုရင် မြောက်ဒဂုံက ခန်းမ၊ ကရင်ပြည်နယ် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲက အလုပ်သမားတွေအတွက်က ဘားအံမြို့ ၊ပဲခူးတိုင်း အရှေ့ခြမ်းက ပဲခူးမြို့၊ပဲခူးအနောက်ခြမ်းက ပြည်မြို့၊ဧရာဝတီတိုင်းအတွက်က ပုသိမ်မြို့၊မန္တလေးနဲ့စစ်ကိုင်းတိုင်းအပါ ကချင်ပြည်နယ်အတွက်က မန္တလေး ၊ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အတွက်က ရှမ်းပြည်နယ်မှာပဲ စာချုပ်ချုပ်ရမှာဖြစ်ပြီး ရခိုင်နဲ့ ချင်းပြည်နယ်အတွက်က ချင်းပြည်မှာစာချုပ်ချုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

” ဒီညွှန်ကြားမှုက အခု ဒီဇင်ဘာလက စပါတယ်။အရင်ကတော့ စာချုပ်ချုပ်မယ်ဆိုရင် ဘယ်မြို့ဘယ်ရွာကနေနေ ရန်ကုန်ကိုပဲ လာချုပ်ရပါတယ်။စာချုပ်မချုပ်ခင် ရက်ကြိုပြီး လာရတယ်၊အခန်းငှားစောင့်ကြရတာပေါ့။ ရန်ကုန်မှာပဲချုပ်တာက အေဂျင်စီတွေအတွက်ကျ အဆင်ပြေတယ်၊အလုပ်သမားအတွက်ကျမပြေဘူးပေါ့။ အခုတော့ အလုပ်သမားတွေရန်ကုန်လာဖို့မလိုတော့ဘူးပေါ့။သူတို့နီးစပ်ရာသတ်မှတ်မြို့မှာ စာချုပ်ချုပ်လို့ရပြီ “လို့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ဝန်ထမ်းတဦးကပြောပါတယ်။

အလုပ်သမားစာချုပ် ချုပ်ဆိုတဲ့အခါ အလုပ်သမား၊ အလုပ်သမားအရာရှိ၊ အေဂျင်စီတာဝန်ရှိသူတွေပါဝင်ရမှာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ စာချုပ်ကို ဓာတ်ပုံရိုက်ကာ သိမ်းထားဖို့လိုကြောင်း၊ အေဂျင်စီကိုဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်၊အေဂျင်စီနာမည်ကို သိရှိဖို့လိုကြောင်း ဒါမှသာ ပြဿနာတစုံတခုဖြစ်တဲ့အခါ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူက ပြောပါတယ်။

“အလိမ်အညာမခံရ​အောင်နဲ့ပြသာနာတစ်ခုခုဖြစ်ရင်​မေးမြန်းတိုင်ကြားလို့ရ​အောင် စာချုပ်ကို ဓါတ်ပုံရိုက်ထားပါ။ ​အေဂျင်စီနာမည်နဲ့ဖုန်းနံပါတ်​တွေ​ သေသေချာချာ​ရေးမှတ်ထားပါ။ နယ်ဘက်ရွာတွေကနေ သွားကြမယ့်အလုပ်သမားတွေက အေဂျင်စီနာမည်မသိတာများတယ်။ပွဲစားကိုပဲသိကြတော့ တခုခုဖြစ်လာတဲ့အခါ ကူညီဖြေရှင်းပေးဖို့ ခက်ပါတယ် “လို့ သူကပြောပါတယ်။

လက်ရှိပြည်တွင်းမှာက အလုပ်အကိုင်ရှားပါးတာကြောင့် လူငယ်အများစုဟာ မြန်မာနဲ့အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံကို တရားဝင် အလုပ်သွားရောက်လုပ်ကိုင်နေကြသလို သွားရောက်ဖို့စောင့်ဆိုင်းနေကြသူတွေလည်းရှိပြီး တရားမဝင်နည်းလမ်းနဲ့သွားရောက်နေသူတွေလည်းရှိနေပါတယ်။

ထိုင်းနိုင်ငံကို တရားဝင်လိုင်စင်ရအေဂျင်စီတွေနဲ့သွားမယ်ဆိုရင်လည်း တယောက်ကို သိန်း၂၀ အနည်းဆုံးကုန်ကျမှုရှိပြီး တရားမဝင်နည်းနဲ့သွားရောက်သူတွေမှာလည်း လူခေါ်ပွဲစားတွေကြောင့် သိန်း၂၀ လောက်ကုန်ကျမှုရှိနေတယ်လို့လည်း သိရပါတယ်။

Photo – Top 1 Coltd
#voiceofmyanmar #VOM #ထိုင်းနိုင်ငံ #အလုပ်သမားအေဂျင်စီကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW