ရခိုင်မှာ တိုက်ပွဲဖြစ်တိုင်း စက်သုံးဆီပြတ်လပ်မှုပြဿနာ ဘယ်လိုအဖြေရှာမလဲ

 

ဒီဇင်ဘာ ၅-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း ကမ်းရိုးတမ်းဒေသတခုဖြစ်သလို တောင်တန်းဒေသတခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။

အဲဒီလို ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် ခေတ်အဆက်ဆက် ရေကြောင်းခရီးကို မှီခိုအားထားပြီး ပြည်နယ်တွင်း ဒေသ တခုနဲ့တခုကြား ကူးလူးဆက်သွယ်သွားလာမှု တွင်တွင်ကျယ်ကျယ်ရှိခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလ ယခင် အစိုးရလက်ထက်တွေမှာ ပြည်နယ်တွင်း ကုန်းလမ်းခရီးသွားလာရေးဟာလည်း ပြည်သူတွေအတွက် အခရာကျလာခဲ့တာဖြစ်ပါတယ်။

၂၀၀၀ ပြည့်လွန် အစောပိုင်းနှစ်တွေအထိ ရခိုင်ပြည်နယ်ရဲ့ ကုန်းလမ်းခရီးဆက်သွယ်ရေးဟာ လူထုကြား ထင်ထင်ပေါ်ပေါ်မရှိခဲ့ဘဲ ရေကြောင်းခရီးဆက်သွယ်ရေးကသာ အဓိကဖြစ်ခဲ့တာပါ။

ဒီလိုမျိုး မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလတခုမှာ ပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေးတွေ တဟုန်ထိုး တိုးတက်လာချိန် စက်သုံးဆီဟာလည်း ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေး၊ စီးပွားရေး၊ လူမှုရေးတို့အတွက် အရေးပါတဲ့ ကား၊ ဆိုင်ကယ်တွေကို မောင်းနှင်ဖို့ အထောက်အကူပြု လောင်စာအဖြစ် အရေးပါလာခဲ့ပါတယ်။

ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ်နှင့်အတူ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးတို့မှာ အထောက်အကူပြုတဲ့ လောင်စာဆီကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ကုန်ပိုင်းအထိ တိုးတက်လာနေချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရုတ်တရက် အခြေအနေတွေဟာ တမျိုးတဖုံပြောင်းသွားပါတယ်။

နစက ကောင်စီ တက်လာပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေကြောင့် လောင်စာဆီအလုံအလောက်ရရှိရေး ရုန်းကန်ခဲ့ရပြီး ၂၀၂၂ ခုနှစ်မှာဆိုရင် နိုင်ငံတဝန်း လောင်စာဆီ ပြတ်လုနီးနီး ဖြစ်ခဲ့ပါတယ်။

ဒီလိုမျိုး နိုင်ငံရေးအကျပ်အတည်းကြောင့် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေရှိနေချိန် ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်ကြောင့်လည်း ရေနံဈေးကွက်တွေ ကမောက်ကမ ဖြစ်ခဲ့ပြီး ဈေးနှုန်းတွေ တဟုန်ထိုး မြင့်တက်သွားသလို ကမ္ဘာတဝန်း လောင်စာဆီပြဿနာကို အခုထိ အဖြေရှာနေကြဆဲဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေက ရေးသားကြပါတယ်။

ဒီလိုမျိုး ကမ္ဘာတဝန်း လောင်စာဆီအကျပ်အတည်းကြုံတွေ့နေရချိန် မြန်မာနိုင်ငံအတွင်းက ရခိုင်ပြည်နယ်လို ရေကြောင်း၊ ကုန်းကြောင်းခရီးလမ်း နှစ်မျိုးစလုံး တွင်ကျယ်တဲ့ ပြည်နယ်မှာ လောင်စာဆီလိုအပ်ချက်တွေ များစွာရှိခဲ့တာကို လုပ်ငန်းရှင်တွေနဲ့ အသုံးပြုသူတွေဆီကနေ သိခဲ့ရပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းကနေစပြီး ပြည်နယ်တွင်း တပ်နဲ့ အေအေတို့ရဲ့ တကျော့ပြန် စစ်ရေးပဋိပက္ခကြောင့် ခရီးသွားလာရေးအကျပ်အတည်းရှိခဲ့ပြီး စစ်ရေးပဋိပက္ခဖြစ်တိုင်း လမ်းတွေကို ယာယီပိတ်တာမျိုးတွေ မကြာခဏ ကြုံတွေ့ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယပတ်ကစပြီး ပုဏ္ဏားကျွန်းနဲ့ ပြည်နယ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့နယ်ကြား တပ်နဲ့အေအေတို့ ထိတွေ့တိုက်ပွဲဖြစ်ကြချိန်မှာတော့ ရခိုင်တပြည်နယ်လုံး ကုန်း၊ ရေ၊ လေ ဆက်သွယ်ရေး ကွန်ရက်အချက်အချာကျတဲ့ စစ်တွေမြို့နဲ့ ပြည်နယ်တွင်း တခြားမြို့တွေသို့ ကုန်းလမ်း၊ရေလမ်း ဆက်သွယ်ရေးတွေ အားလုံးကို ၂ လနီးပါး ကန့်သတ်လိုက်တဲ့အခါ လောင်စာဆီ ဈေးနှုန်းတွေအဆမတန်မြင့်တက်သွားသလို ပြတ်တောက်တဲ့အထိ ကြုံနေရတာဖြစ်ပါတယ်။

လောင်စာဆီပြတ်လပ်မှုကြောင့် မှောင်ခိုဈေးကွက်ကနေ စက်သုံးဆီတွေဝင်လာတာရှိပေမယ့် ဈေးကအဆမတန်များပါတယ်။

ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီဈေးကွက်ဟာ တည်ငြိမ်မှုမရှိဘဲ မြို့နယ်တခုနဲ့ တခု ဈေးနှုန်းတွေလည်း မတူကြကြောင်းနဲ့ တချို့မြို့နယ်တွေမှာဆိုရင် စက်သုံးဆီ တလီတာကို ကျပ် ၄ ထောင်နီးပါးအထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့ ဒေသခံအမျိုးသမီးတဦးက “ ဆီက တလီတာကို ကျပ်လေးထောင်ထိ ရောက်ခဲ့တယ်။ အခုတော့ ၃၇၀၀ အမြင့်ဆုံးရှိတယ်။ ဆီဈေးက ဒီလို အဆမတန်တက်နေတော့ သွားရေးလာရေးအခက်အခဲဖြစ်တယ်။ လမ်းခရီးစရိတ်တွေ အဆမတန်မြင့်သွားတာတို့ ဖြစ်တယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူမှုကူညီရေးလုပ်နေကြတဲ့ နာရေကူညီမှုအသင်းတွေမှာဆိုရင်လည်း လူနာတွေကို ကူညီပို့ဆောင်ပေးရေးဆောင်ရွက်ရတဲ့အခါ စက်သုံးဆီလိုအပ်ချက်ဟာ အဓိကပြဿနာဖြစ်နေတယ်လို့ နာရေးကူညီမှုအသင်းတွေကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကားလမ်းတွေ ပိတ်ထားတဲ့ကာလတွေမှာ စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်း၊ ကျောက်တော်ဘက်တွေကို လူနာတွေကူညီသယ်ယူတဲ့အခါနဲ့ ရန်ကုန်ကို လူနာတွေ လိုက်ပို့တဲ့အခါ အခက်အခဲတွေရှိတယ်လို့ ပြောပါတယ်။

စစ်တွေအခြေစိုက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုမင်းထေဝါက “ ကျနော်တို့ ဆီမထည့်နိုင်တဲ့ အနေအထားအထိရှိခဲ့ပါတယ်။ စစ်တွေမှာက ဆီဈေးတွေ တလီတာ ၃ ထောင်၊ ၃၅၀၀ အထိ တက်ခဲ့တယ်။ ကားတွေလည်း အားလုံးမထွက်နိုင်ဘူး။ လူနာတွေက ကွမ်းတောင်ဘက်တွေကခေါ်တယ်။ အဲဒီအခါ ဂိတ်တွေဖြတ်ရတာနဲ့ သွားရတာနဲ့ ၂ နာရီနီးပါးကြာတယ်။ ဒီမှာကျန်ခဲ့တဲ့ကားတွေမှာ ဆီမထည့်နိုင်တဲ့အခါ အတော်အခက်တွေ့တယ်။”လို့ ပြောပါတယ်။

ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေဘက်မှာတော့ အဝေးပြေးလမ်းဖွင့်လိုက်တဲ့အတွက် ဆီဈေးတွေ ပြန်ကျနေပြီး တလီတာကို ကျပ် ၂၅၀၀ ဝန်းကျင်ရှိပြီး အမ်း၊ တောင်ကုတ်၊ ဂွ၊ သံတွဲ စတဲ့ မြို့နယ်တွေမှာတော (၂၀၀၀) ထောင်ကျော်၊ (၂၀၀၀) နီးပါး အထိရှိတယ်လို့ သိရပါတယ်။

စစ်ရေးပဋိပက္ခဖြစ်တိုင်း ကားလမ်းတွေပိတ်လိုက်ရတာကြောင့် စက်သုံးဆီသယ်တဲ့ ဆီဘောက်ဆာကားတွေဟာ လမ်းခုလတ်မှာ ရပ်တန့်နေရတာရှိသလို အချိန်ကြာလာတာနဲ့အမျှ လှည့်ပြန်သွားတာမျိုးလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလိုအဖြစ်အပျက်တွေကြောင့် ရန်ကုန် သီလဝါဆိပ်ကမ်းကနေ တဖန်လောင်စာဆီ ပြန်သယ်ယူရတဲ့အခါ အလှည့်ကျတန်းစီရတာကြောင့် ကြန့်ကြာတာတွေလည်းရှိကြောင်း ပြည်နယ်ကောင်စီရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒီလိုမျိုး စက်သုံးဆီပြတ်လပ်တဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ရခိုင်ပြည်နယ်ကောင်စီအစိုးရအဖွဲ့ကြား ဆွေးနွေးမှုတွေလုပ်ခဲ့ပြီး ရလဒ်နဲ့ပတ်သက်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက “ငါတို့ပြည်နယ်အစိုးရက စက်သုံးဆီကို သင်္ဘောနဲ့ သယ်လို့ရမယ့်ကိစ္စကို ဆွေးနွေးနေတယ်။ ဆီလုပ်ငန်းရှင်တွေနဲ့လည်း ခေါ်ပြီးတွေ့နေတယ်။ ပြည်နယ်တွင်းမှာ လက်နက်ကိုင်တွေရှိနေတဲ့အခါကျတော့ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီလိုဒုက္ခတွေ နောင်လည်း ဖြစ်လာနိုင်တယ်။ ဆိုတော့ အဲ့ဒီလိုမဖြစ်ရအောင် ရေလမ်းကနေ ဆီကိုသယ်ပြီး ပြည့်ပြည့်ဝဝထားနိုင်တဲ့ နည်းလမ်းကို ငါတို့က အခုလုပ်နေတယ်”လို့ ပြောပါတယ်။

ဒီလိုမျိုး ပင်လယ်ရေလမ်းကြောင်းကို အသုံးပြုပြီး လောင်စာဆီသယ်ယူတဲ့အခါ ပြည်နယ်တွင်း မြို့နယ်တွေအတွင်း စစ်ရေးပဋိပက္ခဖြစ်လာတဲ့အခါ လောင်စာဆီဟာ အဆင်သင့်ရှိနေမယ်လို့ သူက ဆက်ပြောပါတယ်။

ဒီလိုမျိုး ပြည်နယ်ကောင်စီက ဆီလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေပြီး လောင်စာဆီတင်သယ်ယူမည့်အစီအစဉ်ဟာ ကောင်းမွန်ပေမယ့် စနစ်တကျဖြစ်ဖို့လိုကြောင်း စက်သုံးဆီအသုံးပြုသူတွေက ပြောပါတယ်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက “အဲဒီလိုလုပ်တာကောင်းပါတယ်။ ကျနော်တို့အတွက် ဆိုတာထက် မကျန်းရေး မမာရေးဖြစ်နေတဲ့ လူနာတွေအတွက် ပိုကောင်းပါတယ်။ ကျနော်တို့က လူနာတွေကို သယ်ယူပို့ဆောင်ရတဲ့အခါ ဆီကအရေးတကြီး လိုပါတယ်။အဲဒီလို ပင်လယ်ရေကြောင်းက ရောက်နိုင်မယ်ဆိုရင် ပိုပြီးကောင်းပါတယ်။”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စက်သုံးဆီဆိုင်တချို့မှာ နိုဝင်ဘာလ တတိယပတ်ကစပြီး ကားလမ်းတွေ ပိတ်သွားတာကြောင့် စက်သုံးဆီဆိုင်တချို့မှာ ဆီတွေပြတ်လပ်မှုနဲ့ ကြုံခဲ့ရပြီး စစ်တွေမြို့ပေါ်က အဓိကဆီဆိုင်ကြီးတချို့မှာတော့ စက်သုံးဆီပြတ်လပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကားလမ်းတွေဖွင့်လိုက်ပေမယ့် ဆီဘောက်ဆာကားတွေ လမ်းခရီးမှာကြန့်ကြာနေတာကြောင့် တပတ်အတွင်း စစ်တွေမြို့ကို ဆီကားတွေဝင်နိုင်တယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ဆက်ပြောပါတယ်။

စက်သုံးဆီပြတ်လပ်မှုနဲ့ ဈေးအဆမတန်မြင့်တက်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ တခုတည်းသောနည်းလမ်းဟာ ပြည်နယ်တွင်း လက်နက်ကိုင်တပ်တွေကြား စစ်ရေးပဋိပက္ခ ရပ်စဲဖို့နဲ့ ဒေသငြိမ်းချမ်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းလမ်းက လောင်စာဆီတင်သွင်းပြီး စစ်တွေမြို့အတွက် စက်သုံးဆီ လုံလုံလောက်လောက်ရရှိနိုင်တယ်ဆိုပေမယ့် တဖက်မှာလည်း တိုက်ပွဲတွေဖြစ်လာတဲ့အခါ လမ်းတွေပိတ်သွားမယ်ဆိုရင် တခြားမြို့နယ်တွေက ပြည်သူတွေ အကြီးအကျယ်ဒုက္ခရောက်မှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။

အဲဒီလို အခြင်းအရာတွေကြောင့် ရခိုင်ပြည်နယ်ရဲ့ စက်သုံးဆီပြတ်လပ်မှုပြဿနာကို ဖြေရှင်းတဲ့အခါ ရေရှည်တည်တံ့တဲ့ တခုတည်းသော နည်းလမ်းဟာ ငြိမ်းချမ်းရေးသာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #သတင်းဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW