ဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက် တရုတ်မှာ တင်းကြပ်တဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေ ရုပ်သိမ်း

ပေကျင်း၊ ဒီဇင်ဘာ-၇-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်တွေအပေါ် ဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက် တပတ်အကြာမှာ တင်းကြပ်တဲ့ ကိုဗစ်ကန့်သတ်ချက်တွေကို အာဏာပိုင်တွေက ရုပ်သိမ်းလိုက်ပါတယ်။

ဒီလိုဆန္ဒပြမှုတွေဟာ တရုတ်နိုင်ငံမှာ ရှားရှားပါးပါးဖြစ်ပြီး ဆန္ဒပြသူတွေဟာ တရုတ်သမ္မတ ရှီကျင်းပင် နှုတ်ထွက်ရေးတို့ကိုပါ တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ရောဂါလက္ခဏာမပြသူတွေနဲ့ အနည်းငယ်သာပြသူတွေဟာ အစိုးရက သတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာတွေမှာ မဟုတ်ဘဲ နေအိမ်မှာသာ ကွာရန်တင်း၀င်နိုင်ပြီဖြစ်ပါတယ်။

ကျောင်းတွေနဲ့ ဆေးရုံတွေမှာ ပီစီအာ စစ်ဆေးမှုလိုအပ်ပေမယ့် အခြားနေရာအများအပြားမှာတော့ စမ်းသပ်မှုရလဒ် မလိုအပ်တော့ပါဘူး။

ကန့်သတ်ချက်တွေ ရုတ်တရက်ဖြေလျော့လိုက်တာနဲ့ ပတ်သက်ပြီး စိတ်သက်သာရသူတွေရှိသလို စိုးရိမ်ပူပန်မှုတွေလည်းရှိနေပါတယ်။

ဒီအပြောင်းအလဲဟာ တရုတ်နိုင်ငံရဲ့ ကိုဗစ်လုံး၀မကူးစက်ရ မူဝါဒကိုစွန့်ပြီး တခြားကမ္ဘာ့နိုင်ငံတွေလို ကိုဗစ်နဲ့ ယှဉ်တွဲနေထိုင်ရေးကို ကြိုးပမ်းနေတာကို ပြသလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်နေပြီး နေ့စဉ်ကူးစက်မှု သုံးသောင်းကျော်ထိရှိနေပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW