ဧရာဝတီတိုင်းမှာ ရှော့ခ်တိုက် ငါးဖမ်းမှုကြောင့် သောက်သုံးရေ ညစ်ညမ်းမှုဖြစ်နေ

ဒီဇင်ဘာ ၇-၂၀၂၂
MM(VOM)

ဧရာဝတီတိုင်းက ကျေးရွာတွေမှာ ရှော့ခ်တိုက်ငါးဖမ်းမှုတွေကြောင့် သောက်သုံးရေ ညစ်ညမ်းနေရတယ်လို့ ဧရာဝတီတိုင်းဒေသခံတွေကပြောပါတယ်။

“ရှော့ခ်တိုက်ငါးဖမ်းတာကလည်း တရားဝင်လို ပေါ်ပေါ်တင်တင်လုပ်နေကြတယ် ၊ သူတို့အဆင်ပြေလို့ သူတို့ ပြီးလို့လုပ်တာကို မပြောဘူး ၊ အခုဆို ရေစီးရေလာ မကောင်းတော့ဘူး၊ ရေနည်းကာလကိုလည်း ရောက်လာပါပြီ၊ ရေတွေ ပုပ်ပြီး အနံ့အသက်လည်း မကောင်းတော့ ဒီရေကို သောက်သုံးနေရတဲ့ ဒေသခံတွေ တော်တော်လေးကို အခက်အခဲနဲ့ တွေ့နေရပါတယ်၊ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စမို့ ဒီကိစ္စကို အရဲစွန့်ပြောတာ ၊ ဒီလိုနည်းနဲ့ ငါးဖမ်းတာဟာ တရားမဝင်ဘူးဆိုတာ သိသိလျက်နဲ့ လုပ်နေတာ၊ နောက်ပြီး အင်းချောင်းတွေကလည်း ရေတွေနုတ်ချနေတော့ ရေတွေ တော်တော်ပုပ်ကုန်တာ”လို့မော်လမြိုင်ကျွန်းမြို့နယ် ဒေသခံတဦးက VOM ကိုပြောပါတယ်။

ဧရာဝတီတိုင်းရှိ ကျိုက်လတ်မြို့နယ်ထဲက ကျေးရွာ ၂၀ လောက် ၊ မော်လမြိုင်ကျွန်းမြို့နယ်ထဲက ကျေးရွာ ၄၀ လောက် ၊ ဘိုကလေးမြို့နယ်ထဲက ကျေးရွာ ၃၀ လောက် နဲ့ ဝါးခယ်မ ၊ ဖျာပုံ ၊ မအူပင် စတဲ့မြို့နယ်တွေထဲက ကျေးရွာတွေက ရေကန်၊ ရေမြောင်း၊ ချောင်းအိုင်တွေထဲက ရေကို သောက်သုံးရေအဖြစ် အသုံးပြုနေရတဲ့အတွက် အခုလို ရှော့ခ်တိုက်ငါးဖမ်းဆီးမှုကြောင့် ရေတွေ ညစ်ညမ်းနေရတယ်လို့ ဘိုကလေးမြို့ခံတဦးက ပြောပါတယ်။

”သူတို့က သောက်သုံးရေအဖြစ် အဓိက အသုံးပြုနေတဲ့ မြစ်ချောင်း ၊ အင်းအိုင်နေရာတွေမှာ ရှော့ခ်တိုက် ငါးဖမ်းနေတာကြောင့် ရေတွေညစ်ညမ်းနေရတာ၊ အခု ရေနည်းကာလရောက်လာပြီလေ ၊ ဒါ့ကြောင့် ဒီရေကို သောက်သုံးနေတဲ့ ဒေသခံတွေ ဝမ်းပျက်၊ဝမ်းလျှောရောဂါတွေအစုလိုက်အပြုံလိုက် ဖြစ်ပွားလာနိုင်တယ် ၊ ဖြစ်ရင် ကိုယ်ပဲခံရမှာ ၊ သက်ဆိုင်ရာအနေနဲ့ ထိထိရောက်ရောက် အရေးယူစေချင်တယ် ၊ အဲ့ဒီလိုမှမဟုတ် ရင် မလိုလားတဲ့ ပြဿနာတွေရှိလာမှာ သေချာတယ် ၊ ဒါ့အပြင် ငါးမျိုးပြုန်းတီးမှုရှိလာတော့မယ် ။”လို့ သူကဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတဦးက ”ဘထ္ထရီရှော့ခ်တိုက်ငါးဖမ်းတာတို့ ဆေးချဖမ်းတာတို့ တရားမဝင် ငါးဖမ်းကရိယာတွေနဲ့ ဖမ်းဆီးတာတို့ကို ခွင့်မပြုဘူးလို့ ငါးလုပ်ငန်းဦးစီးဌာနကလည်း ထုတ်ပြန်ထားပြီးသားဖြစ်တယ် ၊အခုတော့ ဖြစ်စဉ်တွေကို မြေပြင်နဲ့ ချိတ်ဆက်ကာ သေသေချာချာစစ်ဆေးကြည့်မယ် ဘယ်သူတွေလည်းဆိုတာပေါ့ ၊ လက်ရှိတော့ တိတိကျကျပြောဖို့ ခက်ပါတယ်၊ ဖြစ်စဉ်ဟာ မှန်တယ်ဆို အရေးယူမှာပါ”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အခုလို တရားဝင်ကဲ့သို့ ရှော့ခ်တိုက်ငါးဖမ်းတဲ့ လုပ်ငန်းတွေကို ပေါ်ပေါ်တင်တင် လုပ်တာဟာ၂၀၂၀ခုနှစ် နောက်ပိုင်း ပိုလုပ်လာကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #ရှော့ခ်တိုက်ငါးဖမ်း #သောက်သုံးရေးညစ်ညမ်း

Related posts

Leave a Comment

VOM News

FREE
VIEW