ကျိုက်လတ်က NLD ပါတီဝင်လူငယ် ၅ ဦး ထောင်ဒဏ် အနှစ် ၂၀ ကနေ ၄၀ အထိချမှတ်ခံရ

ဒီဇင်ဘာ၊၂၂-၂၀၂၂
MM(VOM)

ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့မှာ ဖမ်းဆီးခံ NLD ပါတီဝင် လူငယ် ၅ ယောက်ကို ဖျာပုံခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ကနေ နှစ် ၄၀ အထိချမှတ်လိုက်တယ်လို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးသူဆီကနေ သိရပါတယ်။

”မနေ့က နေ့လယ်ပိုင်းက အမိန့်ချတာ ၊ ဖျာပုံ ခရိုင်တရား ရုံးက ပုဒ်မ၂ ခုဖြစ်တဲ့ ၅၀(ဈ) နဲ့ ၅၂ ကတို့နဲ့ အမိန့်ချတာပါ ၊ ပုဒ်မက အတူတူပဲ ပြစ်ဒဏ်တွေက ဘာလို့ကွာသွားတာလည်းမသိဘူး ၊ ဖမ်းဆီးခံထားရတဲ့ NLD လူငယ်များဖြစ်တဲ့ ထွဠ်နောင်ဦး(ခ)စီ့ဖိန်ကို ထောင်နှစ် ၄၀ နှစ်၊ ကိုမျိုး ၃၅ နှစ်၊ ကိုဟိန်းကို ၃၀ နှစ် ၊ ကိုပြည့်ဖြိုးအောင် အနှစ်၂၀ နဲ့ ကိုချမ်းမြေ့သူကို အနှစ် ၂၀ ချတာ ။”လို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးသူကပြောပါတယ်။

အခု ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်တာ ၊ တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပတ်သက်မှုရှိတာကြောင့်ဆိုပြီး ၂၀၂၁ခုနှစ်အတွင်း ဖမ်းဆီးခံရသူတွေဖြစ်ပြီး သူတို့တွေအတွက် တရားဥပဒေနဲ့အညီ ခုခံ ချေပခွင့် မရခဲ့ဘူးလို့ ထောင်ဒဏ်ချမှတ်ခံရသူတွေကို ကူညီပေးနေသူ တယောက်ကပြောပါတယ်။

” လုံးဝ ခုခံ ချေပခွင့်မရတာ ထောင်ဒဏ် ချမှတ်ခံရတဲ့ အထိပဲ ၊ တကယ် ဆန္ဒထုတ်ဖော်ရင်တောင် အကြမ်းဖက်တာမှ မဟုတ်တာ ၊ အခုက အကြမ်းဖက် ဥပဒေနဲ့ အမိန့်ချခံရတာ ၊ မိသားစုနဲ့လည်း အဆင်ပြေပြေတွေ့ရတယ် မရှိဘူး ၊ နိုင်ငံရေးနဲ့ အဖမ်းခံရသူတွေက မချောင်ဘူး ။”လို့ သူက ဆက်ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ အခုရက်ပိုင်းအတွင်း NLD ပါတီဝင်တွေ ၊ လွှတ်တော်အမတ်တွေ ၊ တတ်ကြွလှုပ်ရှားသူတွေ ခပ်စိပ်စိပ် ထောင်ဒဏ်တွေ ချမှတ်ခံနေရ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း ပုသိမ်အကျဉ်း ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကဗျာဆရာ တယောက် အပါအဝင် NLD ပါတီဝင် လူငယ် ၈ ယောက်ကို ထောင်တွင်းတရားရုံးက ထောင် ဒဏ် ၅ နှစ်စီချမှတ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၉ ရက်ကလည်း ဖျာပုံအကျဉ်း ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဘိုကလေးမြို့နယ် NLD ပါတီရဲ့ ဥပဒေရေးရာအဖွဲ့ဝင်ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင်လည်း ထောင်ဒဏ် ၂ နှစ်ချမှတ်တာ ခံလိုက်ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်လတ်

Related posts

Leave a Comment

VOM News

FREE
VIEW