(၇၄)နှစ်အတွင်းပထမဆုံးအဖြစ် မြန်မာ့အရေးဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ ချမှတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆို

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၂၂-၂၀၂၂
မျိုးဆက်(VOM)

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံအပေါ် ၇၄ နှစ်ကာလအတွင်း ပထမဆုံးသောဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက်မှာ ချမှတ်လိုက်ပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဗြိတိန်ကတင်သွင်းတဲ့ အဲဒီဆုံးဖြတ်ချက်မုကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့၀င် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာဖြစ်ပြီး ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့က မဲမပေးခဲ့ဘဲ ကျန်တဲ့အဖွဲ့၀င် ၁၂ နိုင်ငံ ထောက်ခံမဲပေးခဲ့ကြပါတယ်။

ဒီဆုံးဖြတ်ချက်ကို အပြည့်အ၀အကောင်အထည်ဖော်ဖို့ မျှော်လင့်တယ်လို့ ဗြိတိန်ကတင်သွင်းတဲ့ ဆုံးဖြတ်ချက်ကို မဲခွဲအတည်ပြုပြီးနောက် ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဒ်က ပြောပါတယ်။

မြန်မာ့အရေးကို အလျင်အမြန်ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ ပြသနာပြေလည်ရေးဟာ မြန်မာနိုင်ငံအပေါ်မှာသာ မူတည်ကြောင်း၊ မြန်မာ့အရေးကို အခုလို ဆုံးဖြတ်ချက်ချတာထက် တရား၀င် ကြေညာချက်ထုတ်တာမျိုးကို တရုတ်ကလိုလားတယ်လို့ တရုတ်သံအမတ်ကြီး Zhang Jun က လုံခြုံရေးကောင်စီမှာ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ကတော့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်ကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အရပ်သားတွေအပေါ် မြန်မာအာဏာပိုင်တွေရဲ့ ဆိုးရွားတဲ့ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လုံခြုံရေးကောင်စီရဲ့ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ သူက ထုတ်ဖော်ပြောပါတယ်။

Ref: Reuters
Photo:AFP
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

✕
VOM News

FREE
VIEW