၈၈ မျိုးဆက် မနုနုအောင်၊ မခက်ခက်အောင်နဲ့ ကိုမြတ်သူတို့ ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခံရ

ဒီဇင်ဘာ ၂၃ – ၂၀၂၂
SN (VOM)

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း) က မနုနုအောင်၊ မခက်ခက်အောင်နဲ့ ကိုမြတ်သူတို့ကို နစက က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ကျိုက်မရောထောင် တရားရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ပုဒ်မ – ၅၀ ည အတွက် ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ – ၅၁ (ဂ) အတွက် ထောင်ဒဏ် ၅ နှစ် အသီးသီးချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“မော်လမြိုင်ခရိုင်တရားရုံးမှာ ရမန်ယူပြီး ဒီနေ့ ကျိုက်မရောထောင်ကို ပို့လိုက်တာပါ။ ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ တရားရုံးက တဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ကျခံဖို့ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ မနုနုအောင်နဲ့ မခက်ခက်တို့က ကျန်းမာရေးအခြေအနေ မကောင်းကြဘူး။ ဆေးကုသမှုခံယူဖို့ လိုအပ်နေတဲ့ အနေအထားပါ” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လက်ရှိမှာ မနုနုအောင်ဟာ ခြေထောက် အရွတ်ပြဲ အကြောယောင်ရောဂါနဲ့ လမ်းကောင်းကောင်း မလျှောက်နိုင်သလို မခက်ခက်အောင်သည်လည်း အာရုံကြောအားနည်းတဲ့ ရောဂါနဲ့ ခန္ဓာကိုယ်အောက်ပိုင်း ချိနဲ့နေတဲ့ ရောဂါတွေကို ခံစားနေရတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့ကို ဆေးကုသမှုခံယူဖို့ သွားရောက်ရင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး မခက်ခက်အောင်ရဲ့သားဖြစ်သူ ကိုမြတ်သူကတော့ မိခင်ဆေးခန်းပြရာမှာ အဖော်အဖြစ် လိုက်ပါရင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မနုနုအောင်နဲ့ မခက်ခက်အောင်ဟာ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ရဲ့ တောင်သူလယ်သမားရေးရာဌာနနဲ့ ကလေးသူငယ်ရေးရာဌာနတို့မှာ တာဝန်ယူ ဆောင်ရွက်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #၈၈ငြိမ်းပွင့်

Related posts

Leave a Comment

VOM News

FREE
VIEW