မုံရွာ – မန္တလေးကားလမ်းမှာ ခရီးသည်တင်ကား မိုင်းထိမှန်ပြီး ပစ်ခတ်ခံရ ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၂၄ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊နုံးတွင်းကျေးရွာ ၊ ညောင်ပင်ကျေးရွာ ဇရပ်အနီး မုံရွာ – မန္တလေးကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ခရီးသည်တင်ကား ၁ စီး မိုင်းထိမှန်ပြီး ပစ်ခတ်ခံရတာကြောင့် ယာဥ်ပေါ်ပါ ခရီးသည် ၁ ဦးသေဆုံးပြီး ၊ ကားမောင်းသူအပါအဝင် ခရီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

. ” ပစ်ခတ်ခံရတဲ့ကားက မုံရွာ – နေပြည်တော် – ပြင်ဦးလွင် ပြေးဆွဲနေတဲ့ ဟိန်းစတား အံစာတုံး ခရီးသည်တင်ကားဖြစ်တယ် ၊ ကားပေါ်ပါ ခရီးသည်တွေထဲက အမျိုးသမီး ၁ ဦးသေဆုံးပြီး ၊ ၂ ဦး ဒဏ်ရာရတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲ ပစ်ခတ်တဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဟိန်းစတား ခရီးသည်သယ်ယူပို့ဆောင်ရေး မုံရွာဂိတ်နဲ့ နီးစပ်သူ တယောက်က ” ပြင်ဦးလွင်ကနေ မုံရွာဘက်ကို မောင်းလာတဲ့ ကားဖြစ်တာပါ ၊ ဖြစ်စဥ်က လမ်းဘေးမိုင်း ပေါက်ကွဲတယ် ၊ မိုင်းလွတ်အောင် ဆက်မောင်းတဲ့အခါ လမ်းဘေးကနေ ပစ်တယ် ၊ ကားသမားလည်း ဒဏ်ရာရတယ် ၊ ခရီးသည်တဦးလည်း ကျည်ဆံထိမှန် သေဆုံးတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်ကလည်း. ” ခရီးသည်တင်ကားကို လုံခြုံရေးနဲ့ နယ်မြေရှင်းလင်းရေးအဖွဲ့တွေ လိုက်လာတယ်ထင်ပြီး မိုင်းခွဲတိုက်ခိုက်တယ် ၊ ကားက မရပ်တော့ ပစ်ခတ်တာ”လို့ ပြောပါတယ်။

အခြားလူမှုကွန်ယက်စာမျက်နှာမှာတော့ စစ်ကားကို ကျော်တက်လို့ ပစ်ခတ်ခံရပြီး ကားပေါ်ပါ လူတဦး သေဆုံးပြီး တဦး ဒဏ်ရာရတယ်လို့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

အဲ့ဒီ ဟိန်းစတား ခရီးသည်တင်ကား ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ အခုထိတော့ အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် မနက်ပိုင်းက မုံရွာမြို့က ဦးနှောက်သွေးကြောပေါက် လူနာတယောက်ကို မန္တလေးဆေးရုံဆီ လိုက်ပို့ပေးတဲ့ မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ( မုံရွာ)က လူနာတင်ယာဥ် ၂ စီးဟာ မြင်းမူမြို့နယ် ၊ ထီးစောင်းနဲ့ ညောင်ပင်ဝန်း ကျေးရွာအကြား မုံရွာ – မန္တလေး ကားလမ်းမှာ အလားတူ မိုင်းခွဲခံရပြီး ပစ်ခတ်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရတာ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီနေ့ ၊ နေ့လယ်ပိုင်းမှာ စစ်ကိုင်းတိုင်း ပုလဲမြို့ကနေ မန္တလေးဘက်ကို ဦးတည်မောင်းနှင်းလာတဲ့ ခရီးသည် ကား ၁ စီး အလားတူ ပစ်ခတ်ခံရပြီး ခရီးသည် ၂ ဦးသေ ၊ ၄ ဦးဒဏ်ရာရတာဖြစ်ခဲ့ပါတယ်။

မုံရွာ – မန္တလေး ကားလမ်း ၊ မုံရွာမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်ကြားမှာ ဒီနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာ ၂၃ ရက်အထိ လမ်းဘေးမိုင်း ပေါက်ကွဲမှုဖြစ်စဥ် အကြိမ်ရေ ၈၀ ကျော်ရှိပြီး သွားလာနေတဲ့ ခရီးသည် ၂၂ ဦးသေဆုံးကာ ၊ ၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW