နှစ်မကုန်မီ ပြစ်ဒဏ်ချမှတ်ခံနေရတဲ့ မျိုးဆက်သစ် အနာဂတ်တချို့

ဒီဇင်ဘာ ၃၁ – ၂၀၂၂
SN (VOM)

နိုင်ငံရေး တက်ကြွလှုပ်ရှားမှု ဖြစ်စဉ်တွေကြောင့် ဖမ်းဆီးခံထားရတဲ့ ဗကသ နဲ့ တကသ ကျောင်းသားတွေအပါအဝင် တက္ကသိုလ်ကျောင်းသားအများအပြားကို သက်ဆိုင်ရာတရားရုံးတွေက တရားစွဲဆိုထားတဲ့ ပုဒ်မတွေအတွက် နှစ်မကုန်မီ အခုရက်ပိုင်းအတွင်း ထောင်ဒဏ် ပြစ်ဒဏ်ကျခံဖို့ အမိန့်တွေ ဆက်တိုက်ချမှတ်နေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ)များအဖွဲ့ချုပ်က ကျောင်းသားတွေ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ကျောင်းသားတွေအပါအဝင် နိုင်ငံရေးဖြစ်စဉ်တွေ၊ လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ တက္ကသိုလ်ကျောင်းသား ၁၃ ဦးထက်မနည်း နှစ်ရှည်ထောင်ဒဏ်တွေ ချခံလိုက်ရတယ်လို့ သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂတွေရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

“တရားရုံးတွေအနေနဲ့ အပြီးသတ်အမိန့်တွေ ချမှတ်ရာမှာ လူငယ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားအများစုကို အမြင့်ဆုံး ပြစ်ဒဏ်တွေကို ချမှတ်ခဲ့တာကို တွေ့ရပါတယ်။ များသောအားဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မတွေနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်”လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတဦးက ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေကို သက်ဆိုင်ရာ တရားရုံးတွေကနေ အခုနှစ်မကုန်ခင်မှာ အပြီးသတ် အမိန့်ချမှုတွေ ပြုလုပ်နေပြီး အများစုကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာပါ။

ဒီဇင်ဘာ ၂၃ ရက်မှာ ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်နဲ့ ဘဏ္ဍာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများ အဖွဲ့ချုပ်)ဥက္ကဋ္ဌ ကိုအောင်မျိုးကိုနဲ့မန္တလေး ပညာရေးကောလိပ်ကျောင်းသားများ( ဗကသများအဖွဲ့ချုပ်) အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ ၃ ဦးကို အိုးဘို ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂၂ နှစ်စီ ကျခံဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့ကျောင်းသား ၃ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀ (ည)၊ ပုဒ်မ- ၅၂ (က) တို့နဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အရှေ့ပိုင်းကျောင်းသားသမဂ္ဂ ကော်မတီတာဝန်ခံအပါအဝင် ကျောင်းသား ၅ ဦးနဲ့ လူငယ် ၁ ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်ဘတရားရုံးက အနည်းဆုံး ထောင်ဒဏ် ၄ နှစ်ကနေ အမြင့်ဆုံး ၂၆ နှစ်အထိ ထောင်ဒဏ် အသီးသီးချမှတ်ခဲ့တယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ၂၆ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသား ၅ ဦးအပါအဝင် လူငယ် ၆ ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

သူတို့တွေထဲက အမြင့်ဆုံးထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခံခဲ့ရသူတွေကတော့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မြေပြင်သပိတ်ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ်၊ ကုန်ထုတ်ဓာတုဗေဒ)၊ ကိုသီဟအောင် (အဝေးသင်ဥပဒေ၊ ဒုတိယနှစ်)၊ ကိုဟိန်းထက်ဇော် (အဝေးသင် မြန်မာစာ၊ ဒုတိယနှစ်နဲ့ ကိုဖြိုးကောင်းထိုက် (ကျောင်းပြီး)တို့ ဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀-က (စျ)၊ ၅၁ – ဂ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့နဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုအေးမင်းထိုက်(အဝေးသင်ဓာတုဗေဒ၊ တတိယနှစ်) ကိုတော့ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့နဲ့ ထောင်ဒဏ် ၅ နှစ်၊ အမှုတွဲ ကိုကျော်ကျော်နိုင်ကိုတော့ ၄ နှစ် စသဖြင့် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-စျ/၅၄ နဲ့ ထပ်မံ တရားစွဲဆိုထားတာပါ။ အဲ့ဒီပုဒ်မတွေအတွက် လာမယ့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ အပြီးသတ်အမိန့်ချမှတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၆ ရက်နေ့က ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသူ မရွှေရည်ဝင်းကို ရာဇသတ်ကြီး ပုဒ်မ-၅၀၅ (က)နဲ့ ထောင်ဒဏ် ၃ နှစ်ကျခံဖို့ အင်းစိန် ထောင်တွင်းတရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

အလားတူ ဒီဇင်ဘာ ၂၆ ရက်နေ့မှာပဲ သူနာပြုသင်တန်းကျောင်း (မန္တလေး)က ကျောင်းသားတဦးဖြစ်တဲ့ ကိုအောင်ကျော်ခန့်ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ညနဲ့ အိုးဘိုထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ပါတယ်။

ဒီဇင်ဘာ ၂၇ ရက်မှာတော့ ကျောင်းသား ၂ ဦးဖြစ်တဲ့ ကိုဉာဏ်ဝင်းထက်နဲ့ ကိုလင်းထက်ကိုကို တို့ကို အင်းစိန်ထောင်တွင်းတရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာကို တွေ့ရပါတယ်။

ကိုဉာဏ်ဝင်းထက်ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃ နဲ့ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ-၅၁ (ဂ)ဖြင့် ထောင်ဒဏ် ၈ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်ခံလိုက်ရတာဖြစ်ပြီး ထပ်တိုးပုဒ်မတွေနဲ့ နောက်ဆက်တွဲ တရားစွဲဆို ခံထားရခြင်းတွေလည်း ရှိတယ်လို့ သိရပါတယ်။ ကိုလင်းထက်ကိုကိုကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(ည) နဲ့ ထောင်ဒဏ် ၁၀ နှစ်ကျခံဖို့ အမိန့်ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာတော့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းကိုတော့ သူမကို တရားစွဲဆိုထားတဲ့ နောက်တိုး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ-၄၂၀၊ ပုဒ်မ-၄၆၈ တို့အတွက် ထောင်ဒဏ် ၄ နှစ်ကို တပေါင်းတည်း ၂ နှစ်ကျခံစေဖို့ အင်းစိန်ထောင်တွင်းတရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကလည်း ပုဒ်မ ၅၀၅(က) နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ် ချခံထားရတာဖြစ်တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ကျခံရမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ မနန်းတွယ်တာဦးနဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသူဟောင်း မယုယုမွန်တို့ကို မော်လမြိုင် ခရိုင်တရားရုံးကနေ ထောင် ၁၀ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

မနန်းတွယ်တာဦးဟာ ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်ပြီး အခု ၂၀၂၂ ခုနှစ်၊ ဇွန် ၉ ရက်နေ့က မော်လမြိုင်မြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီ့လို ဖမ်းဆီးခံရပြီး ခြောက်လကျော်အကြာမှာတော့ မော်လမြိုင်မြို့နယ် တရားရုံးကနေ အကြမ်းဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

“မော်လမြိုင် ခရိုင်တရားရုံး (၂)မှာ ဒီဇင်ဘာ ၂၉ရက် မွန်းလွဲ ၂ နာရီက ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာပါ။ နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာတော့ အရမ်းကို များလွန်းတယ်၊ တရားလွန်လွန်းပါတယ်။ သူ့အတွက် ဆုံးရှုံးမှုက ကြီးမားပါတယ်။ ပန်းကောင်းအညွှန့်ချိုးဆိုတာ ဒါမျိုးကိုခေါ်တာပဲဖြစ်မယ်”လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာမေဂျာ ကျောင်းသူဟောင်းတဦးဖြစ်တဲ့ မယုယုမွန်ကိုလည်း အဲ့ဒီ မော်လမြိုင်တရားရုံးကနေပဲ ပုဒ်မ (၅၀) (ည)၊ ၅၁ (ဂ) တို့နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

“အာဏာသိမ်းမှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတဦးပါ။ မော်လမြိုင်မြို့မှာ တိမ်း‌ရှောင်နေချိန်မှာ အကွက်ဆင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်” လို့ သူမနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ဗကသများအဖွဲ့ချုပ်ဝင် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ကိုစိုးသူရကျော် (ခ) ကဗျာဆရာသာသျှား၊ ကိုနောင်ထက်အောင်နဲ့ ဒုဥက္ကဋ္ဌ ကိုဇော်ဇော်ထက်နိုင် (ခ) ကဗျာဆရာဆစ်နိုင်တို့ကိုလည်း နှစ်ရှည်ထောင်ဒဏ်‌တွေ ချမှတ်ထားပါသေးတယ်။

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ မအေးနန္ဒာစိုးသည်လည်း ဖမ်းဆီးခံရပြီး ၁ နှစ်ကျော်ကြာတဲ့အထိ တိကျတဲ့ သတင်းအဆက်အသွယ် မရရှိသေးဘူးလို့ ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးက သိရပါတယ်။

အခု အချက်အလက်တွေဟာ လက်လှမ်းမှီသမျှ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေကို ကိုးကားပြီး ရေးသား ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

ဗကသများ အဖွဲ့ချုပ်က အခုနိုင်ငံရေး ပဋိပက္ခဖြစ်စဉ်တွေအတွင်း ၎င်းတို့ သမဂ္ဂအဖွဲ့ဝင်ကျောင်းသား ၃၀ ဦးထက်မနည်း ဖမ်းဆီးထောင်ချခံထားရတယ်လို့ ဆိုထားပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ၎င်းတို့ ကျောင်းက ကျောင်းသား ၁၆ ဦး ဖမ်းဆီးခံထားရပြီး ၁၂ ဦး ထောင်ဒဏ်များ ကျခံနေရတယ်လို့ ထုတ်ပြန်ထားပါတာကိုလည်း တွေ့ရပါတယ်။ ။

#voiceofmyanmar #VOM #သတင်းဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW