(၃)နှစ်ကျော်ကြာ ပိတ်ထားတဲ့ မူဆယ်နယ်စပ်ဂိတ် (၃)ခု ပြန်ဖွင့်ဖို့ ညှိနှိုင်းနေ

ဇန်နဝါရီ ၃၊ ၂၀၂၃
Shy V (VOM)

(၃)နှစ် ကျော်ကြာ ပိတ်ထားတဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးတံခါးပေါက်တွေ ဖြစ်ကြတဲ့ နယ်စပ်ဂိတ် (၃)ခုကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ တရုတ်နယ်စပ် တာဝန်ရှိသူတွေဘက်က မြန်မာဘက်ခြမ်းနယ်စပ်ဌာနဆိုင်ရာ တာဝန်ရှိသူတွေဆီ ညှိနှိုင်းလာတယ်လို့ မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ နယ်စပ် ကုန်သည်၊ ကားသမားတွေ ဆီက သိရပါတယ်။

“ဘာမှ တရားဝင် ပြောလာခြင်းလည်း မရှိသေးဘူးလေ။ ညှိနှိုင်းတာပဲ ရှိသေးတာ၊ ပြီးခဲ့တဲ့ နှစ်တွေကလည်း ဖွင့်မယ်ဆိုပြီး ပြင်ဆင်ထားရာက တစ်ည အလို ည ၈ နာရီလောက်ကျမှ တရုတ်ဘက်က မဖွင့်နိုင်တော့ကြောင်း ပြန်ပယ်ဖျက်လိုက်တာမျိုးရှိခဲ့တာကြောင့် တကယ်ဖွင့်တဲ့ အချိန်ကျမှ ပြောလို့ရမှာဖြစ်ပြီး တရုတ်ဘက်က မူဆယ် နယ်စပ် နှစ်နိုင်ငံဂိတ်တွေကို ဖွင့်ဖို့ တကယ်ဆန္ဒရှိရင် ချက်ချင်းဖွင့်မှာဖြစ်တယ်။”လို့ မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ဦးစီးဌာနမှူး ဦးအယ်စိုးထန်တူးက VOM ကို ပြောပါတယ်။

ရွှေလီမြို့က ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုချမ်းမြေ့ကလည်း ” ညနေက သူတို့ဘက်လည်း စာပို့လာတယ်။ ၁ လပိုင်း ၈ ရက်နေ့ပေါ့နော်။ ကျယ်ဂေါင် နယ်စပ် သုံးဂိတ်စလုံး နန်းတော်၊ ဆင်ဖြူ၊ မန့်ဝိန်း အကုန်ဖွင့်မယ်၊
တရုတ်ဘက်ကတော့ တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကျယ်ဂေါင် – မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ် (အလယ်ပေါက်)နဲ့ ဆင်ဖြူဂိတ် တွေကို ဖွင့်ဖို့ တရုတ်ဘက်က တရားဝင်စာထုတ်ပြန်ထားတယ်”လို့ ပြောပါတယ်။

လူဝင်လူထွက်က (တရုတ် အချိန်) မနက် ၈ နာရီ ကနေ ည ၉ နာရီခွဲထိ၊ ကုန်ကားတွေအတွက်က (တရုတ်အချိန်) မနက် ၈ နာရီကနေ ည ၁၁ နာရီ အထိ အဝင်အထွက် လုပ်လို့ရမှာဖြစ်ကြောင်း ထုတ်ပြန်စာမှာပါတယ်လို့ သိရပါတယ်။

ကုန်သည်တဦးကတော့ “ဟုတ်တယ်။ သူတို့ ညှိနေတုန်းလို့ပြောတယ်။”လို့ export ကုန်သည်တဦးက ပြောပါတယ်။

“၈ ရက်နေ့ ဖွင့်မှာလို့တော့ ပြောတာပဲ။ ထုတ်ပြန်စာမှာ တရုတ်လိုရေးထားတာကြောင့် ကုန်ကားတွေကိုပဲ ဒရိုင်ဘာတွေနဲ့ ဝင်ခိုင်းမှာလား၊ လူဝင်၊ လူထွက်ပါ ဖွင့်ပေးမှာလားဆိုတာနဲ့ မြန်မာဘက် ရှန်တိန်ဖြုတ်တော့မှာလား ဆိုတာတော့ အတိအကျ နားမလည်ဘူး”လို့ ကုန်တင်ယာဉ်မောင်းတဦးကလည်း ပြောပါတယ်။

ကိုဗစ်ရောဂါကြောင့် မူဆယ်ခရိုင်အတွင်းရှိ ဆင်ဖြူဂိတ်၊ နန်းတော်ပေါက်၊ မန့်ဟီးရိုးဂိတ်၊ ကျင်စန်းကျော့ – ဝမ်တိန်ဂိတ်၊ ကြူကုတ် (ပန်ဆိုင်း) – ဝမ်တိန်ဂိတ်တွေအားလုံးကနေ နှစ်နိုင်ငံ လူအဝင်အထွက်ကို ၂၀၂၀ ဧပြီလဆန်းကတည်းက အကန့်အသတ်မရှိ ပိတ်ထားတာဖြစ်ပြီး မန့်ဝိန်း – ကျယ်ဂေါင် ဂိတ်ကနေတော့ နှစ်နိုင်ငံ ကုန်သွယ်မှုကိုပါ ပိတ်ထားခဲ့တာထြစ်တယ်လို့ သိရပါတယ်။

မူဆယ်၊ မန့်ဝိန်း – ကျယ်ဂေါင် ဂိတ်ပေါက်ကနေ မြန်မာဘက်က စိုက်ပျိုးရေး ထွက်ကုန်တွေ ဖြစ်တဲ့ ကြံ အပါအဝင် ကုန်ခြောက်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲ၊ နှမ်း အပြင် အခြား ကုန်တွေလည်း တင်ပို့ပြီး တရုတ်ဘက်က ကုန်မျိုးစုံ တင်သွင်းကာ မူဆယ်မြို့ပေါ်ရှိ နန်းတော်ဂိတ် (အလယ်ပေါက်) နဲ့ ဆင်ဖြူပေါက်တွေကနေတော့ နှစ်နိုင်ငံလူဝင်လူထွက်အထိ ကား ဝင်ထွက်သွားလာလို့ရပြီး တနိုင်တပိုင် ကုန်တွေ အနည်းအကျဉ်း သယ်ယူခွင့်ပြုတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #မူဆယ် #နယ်စပ်ဂိတ်သုံးခုပြန်ဖွင့်ဖို့ #ညှိနှိုင်းနေ

Related posts

Leave a Comment

VOM News

FREE
VIEW