လွယ်ဂျယ်မှာ အရက်သောက်ရာကနေ အဆိပ်သင့်ပြီး လူ ၁၀ ဦး သေဆုံး

ဇန်နဝါရီ ၄ -၂၀၂၂
Shy V (VOM)

တရုတ်-မြန်မာ နယ်စပ်၊ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့မှာ ဆိုင်တဆိုင်ကနေ အရက်ဝယ်သောက်ရာက အဆိပ်သင့်ပြီး သေဆုံးသူ ၁၀ ဦးထိ ရှိလာကာ ၂ ဦးလည်း ဆေးကုသမှု ခံယူနေရဆဲဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အသိပေးထုတ်ပြန်စာနဲ့ ဒေသခံတွေဆီက သိရပါတယ်။

“ဟုတ်တယ်။ သောက်နေကျ ဆိုင်ကနေ အရက် ဝယ်သောက်တာ သေဆုံးသွားတာ။ ၁၀ ယောက်။ အဲဒီ အရက်သောက်ပြီးပေါ့နော်။ ၂ ယောက်ပဲ ရှင်တယ် သိရတယ်၊ ဇန်နဝါရီ ၁ ရက်‌နေ့ ညပိုင်းမှာ အမျိုးသား ၆ ဦး သေတယ်၊ ဇန်နဝါရီ ၂ ရက်‌နေ့ ညပိုင်းမှာလည်း နောက်ထပ် ၄ ဦးသေဆုံးခဲ့ပြီး လက်ရှိ ၂ ဦး ဆေးကုသမှု ခံယူနေရ‌တယ်”လို့ ဒေသခံ တဦးက ပြောပါတယ်။

လွယ်ဂျယ်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ တရုတ်ရိုးရာ ယဉ်ကျေးမှုဆိုင်ခန်းမှာ အရက်ဆိုင်ဖွင့်လှစ်ရောင်းချသူဆီက အရက်ဝယ်သောက်သူတွေအနေနဲ့ ရုတ်တရက် မျက်စိအမြင် မှုန်ဝါး/ အသက်ရှူမဝ ရောဂါဝေဒနာများ ခံစားရပြီး လွယ်ဂျယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစဉ် သေဆုံးသူ ၁၀ ဦးထိ ရှိလာကာ လက်ရှိ ဆေးကုသမှု ခံယူနေသူ ၂ ဦးထိ ရှိလာပြီဖြစ်တယ်လို့ မြို့အုပ်ချုပ်ရေးမှူးရုံးက မနေ့ ဇန်နဝါရီ ၃ ရက်နေ့က အသိပေးစာ ထုတ်ပြန်ထားပါတယ်။

အဲဒီဆိုင်က အရက် ဝယ်ယူထားသူတွေ ရှိပါက မသောက်ဘဲ သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လာရောက် အပ်နှံကြရန်၊ မိမိရပ်ကွက် ကျေးရွာ အုပ်စု အတွင်းရှိ ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေး အကြောင်းကြားသွားဖို့ အဲ့ဒီအသိပေးကြေညာစာမှာ ပါရှိပါတယ်။

” အရင်ကလည်း အဲ့ဒီဆိုင်က မှာယူသောက်တယ်လို့ပြောတယ်။ ဝန်ထမ်းတွေရော ပါတယ်။” လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

အိမ်တွင်း ချက်အရက်ဖြစ်ပြီး ဗန်းမော်ဘက်က မှာယူကာ လွယ်ဂျယ်ဆေးရုံကုန်းမှာ ပြန်လည်ဖြန့်ဝေ ရောင်းချတာဖြစ်ပြီး ပုံမှန် ဝယ်သောက်နေကျ ဆိုင် ဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

လွယ်ဂျယ်မှာ အရင်ကတော့ အခုလို ဖြစ်စဉ်မျိုး တခါမှ မကြုံဖူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Photo Crd – Original Upolader
#voiceofmyanmar #VOM #လွယ်ဂျယ် #အစာအဆိပ်သင့်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW