NLDမြို့နယ်အတွင်းရေးမှူးနဲ့ ၁၀ တန်းကျောင်းသူ ၁ ဦးအပါအဝင် လူ ၆ ဦး အလုပ်နဲ့ ထောင် ၁၀ နှစ်စီချခံရ

ဇန်နဝါရီ၊ ၄-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်း ၊ မြောင်းမြမြို့၊ မြောင်းမြ အကျဉ်းထောင်တွင်း အထူးတရားရုံးက ဖမ်းဆီးခံထားရတဲ့ NLDပါတီ မြို့နယ်အတွင်းရေးမှူးနဲ့ ဆယ်တန်းကျောင်းသူ ၁ ယောက်အပါအဝင် လူငယ် ၅ ယောက်ကို အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

NLD ပါတီရဲ့ မြို့နယ်အတွင်းရေးမှူးဖြစ်သူ ဦးအောင်ကြွယ်နဲ့ လူငယ် ၅ ယောက်ကို မနေ့ ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက မြောင်းမြမြို့၊ မြောင်းမြ အကျဉ်းထောင်အထူးတရားရုံးက အကြမ်းဖက်မှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နဲ့အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်တာလို့ သိရပါတယ်။

အဲ့ဒီ ထောင်ဒဏ်ချမှတ်ခံရသူတွေမှာ ဝါးခယ်မမြို့နယ် NLD မြို့နယ်အတွင်းရေးမှူး ဦးအောင်ကြွယ်နဲ့ ဆယ်တန်းကျောင်းသူ မသဉ္ဇာမွှေး ၊မောင်စိုးသူ(ခ) ခင်မောင်သန်း၊ မောင်မျိုးကို၊ ကိုကျော်သူအောင် ၊ ကိုလှမျိုးမြင့်တို့ဖြစ်တယ်လို့ သိရပါတယ်။

အခု ထောင်ဒဏ်ချမှတ်ခံရတဲ့ ဝါးခယ်မမြို့နယ် NLD ပါတီ (မြို့နယ်)အတွင်းရေးမှူး ဦးအောင်ကြွယ်နဲ့ အတူ လူငယ် ၅ ယောက်ဟာ အချိန်တနှစ်ကျော်အကြာ အဖမ်းခံရပြီး အခုလို အမိန့်ချခံရတာလို့ သိရပါတယ်။

”အခု ထောင်ချခံရတဲ့ အထဲမှာ မိန်းကလေး ၁ ယောက် ပါပါတယ် ။ အဲ့ဒါက ၁၀ တန်း ကျောင်းသူပါ ၊ ကျန်တဲ့ လူငယ် အမျိုးသား ၄ ယောက်ထဲမှာလည် တက္ကသိုလ် ကျောင်းသားတွေပါတယ် ၊ ဦးအောင်ကြွယ်ကတော့ အရင်က ဝါးခယ်မမြို့နယ် NLD ပါတီအတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူပါ ၊ သူတို့ အားလုံးကို အကြမ်းဖက်ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာ ၊ ဦးအောင်ကြွယ်က အသက်တော်တော်ကြီးနေပါပြီ၊အကြမ်းမဖတ်နိုင်တော့ပါဘူး ၊ အကြမ်းဖက်ဥပဒေနဲ့ ထောင်ချတာက များလွန်းတယ် ၊ လူငယ်တွေအတွက်လည်း စိတ်မကောင်းဘူး ၊ တကယ့် အသက်ငယ်ငယ်လေးတွေပါ ။”လို့ တရားလွှတ် တော်ရှေ့နေတယောက်ကပြောပါတယ် ။

အခု အလုပ်နဲ့ ထောင်ဒဏ် ၁၀ ချမှတ်ခံရတဲ့ NLD ပါရဲ့ မြို့နယ်အတွင်း ရေးမှူး လုပ်ခဲ့ဖူးသူ ဦးအောင်ကြွယ်ကို လာဖမ်းတဲ့အချိန်က မေးစရာလေးရှိလို့ဆိုပြီးဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိ အသက် ၇ဝ ကျော်အရွယ်ရှိနေပြီလို့ နီးစပ်သူတွေနဲ့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ထောင်ဒဏ်ချမှတ်ခံရတဲ့ လူငယ်တွေထဲမှာလည်း အသက် ၁၈ နှစ်အောက် ကလေးတွေပါဝင်နေပြီး သူတို့တွေကို ထောင်ဒဏ်ချမှတ်ကာ ဘယ်ကို ပို့မှာလည်းဆိုတာကို မသိရတာကြောင့် မိသားစုနဲ့မိဘတွေမှာ စိတ်ပူနေကြတယ်လို့ မိသားစုတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ၊ ဧပြီလ ပထမ အပတ်ကလည်း
ဝါးခယ်မမြို့နယ်က အသက် ၁၈ နှစ်အောက် ဆယ်တန်း ကျောင်းသား မောင်ရဲမင်းဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ- ၅၀၅(က)နဲ့ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပြီး အဲ့ဒီလူငယ်ကို ရန်ကုန်တိုင်း တွံ့တေးမြို့နယ်က ငှက်အော်စမ်းလူငယ်ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောင်းမြ

Related posts

Leave a Comment

VOM News

FREE
VIEW