ဖရဲ၊ သခွား တင်ပို့မှုမှာ အရည်အသွေး မပြည့်မီတာတွေ ပါလာလို့ ဈေးကွက် ကျဆင်းလာ

ဇန်နဝါရီ ၁၃-၂၀၂၃
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ ကနေ တရုတ်ဘက် ဝမ်တိန် ကတဆင့် တရုတ်ပြည်မတွေဘက်ကို တင်ပို့ ရောင်းချနေတဲ့ မြန်မာ့ ဖရဲ၊ သခွား တင်ပို့မှုမှာ အရည်အသွေး မပြည့်မီတာတွေပါလာလို့ ဈေးကွက်ကျဆင်းလာနေတယ်လို့ နယ်စပ် သစ်သီးပို့ကုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“အရည်သွေးမပြည့်မီတဲ့ အသီးတွေတင်တာ ပါလို့ပါ၊ ဒီနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ ဖရဲ အကောင်းဆုံးအသီး ကုလားမသီး ၁ ကီလိုဂရမ်ကို တရုတ်ယွမ် ၄.၅ ယွမ်၊ အစိမ်းသီး ၄ ယွမ်အောက်၊ အကောင်းဆုံး အစေ့မဲ့သီး ၄.၇ ယွမ်၊ ထင့်ဝမ် ၄.၁ ယွမ်၊ သခွားမွှေးက ၁ ကီလိုဂရမ်ကို ၅.၁ ယွမ် ထိ ပြန်ကျလာတယ်၊ မြန်ပြည်ဖက်မှာလည်း အရည်သွေးစစ်တဲ့ QC အဖွဲ့မရှိတာကြောင့်လည်းဖြစ်ပါတယ်”လို့ သစ်သီး လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။

အရည်အသွေး စစ်ဆေးနိုင်မယ်ဆိုရင်တော့ တဖက်နိုင်ငံထဲ မရောက်ခင် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်ကတည်းက ပြည်တော် ပြန်ခိုင်းနိာင်တဲ့ အပြင် တင်ပို့ကုန် သစ်သီးတွေကိုလည်း အရည်အသွေးထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ သူက ထပ်ရှင်းပြပါတယ်။

နောက်ထပ် သစ်သီးကုန်သည် တဦးက “ကိုယ့်ဈေးကွက် ကိုယ် ဖျက် သလိုဖြစ်‌နေတယ်၊ တရုတ်နှစ်သစ်ကူး အကြို အများကြီး တင်ပို့နိုင်ရမယ့် အချိန် အရည်အသွေးကြောင့် အရောင်းဈေးကွက်ကိုပါ အေးသွားစေခဲ့တယ်။” လို့ ပြောပါတယ်။

တောင်သူတွေရော ကုန်သည်တွေပါ အရည်အသွေး ပြည့်မီတဲ့ အသီးတွေကိုသာ တင်ပို့သင့်ကြောင်း နယ်စပ် လုပ်ငန်းရှင်တွေက ပြောပါတယ်။

အခုလ လဆန်းပိုင်းက သခွါးမွှေး ၁ ကီလိုဂရမ်ကို ၆ ယွမ်ကျော် ရခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့မှာတော့ ဖရဲ အမျိုးအစား အားလုံး ၁ ကီလိုဂရမ်ကို ၅ ယွမ်ကျော် ရခဲ့တာဖြစ်တယ်လို့ နယ်စပ် သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Photo Crd-MK
#voiceofmyanmar #VOM #ဖရဲသခွါး #အရည်အသွေးမပြည့်မီ #စျေးကွက်ကျဆင်း

Related posts

Leave a Comment

VOM News

FREE
VIEW