လှိုင်မြို့နယ်မှာ ရေခဲစက်ကနေ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၇၀ ကျော် ဓာတ်ငွေ့အဆိပ်သင့်

ဇန်နဝါရီ ၁၃ – ၂၀၂၃
SN (VOM)

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊အမှတ် (၁၆) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းက “မိုး” ရေသန့်စက်ရုံမှာ
မနေ့ ဇန်နဝါရီ ၁၂ ရက်၊ ည ၉ နာရီအချိန်ဝန်းကျင်က အမိုးနီးယားဓာတ်ငွေ့ပိုက် ပေါက်ကွဲမှုဖြစ်ပွားရာမှာ ဓာတ်ငွေ့အဆိပ်သင့်သူ အယောက် ၇၀ ကျော်ရှိခဲ့တယ်လို့ ဒီဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

ရေခဲစက်ကနေ အမိုးနီးယား ပေါက်ကွဲယိုစိမ့်မှုဖြစ်ပွားတာကြောင့် အနီးနားနေသူတွေ နေအိမ်အတွင်းက ထွက်ပြေးခဲ့ကြရပြီး မူးဝေလဲကျတာတွေနဲ့ အော့အန်တာမျိုးတွေဖြစ်လို့ လူနာတင်ယာဉ်၊ မီးသတ်ယာဉ် အစီး ၄၀ ကျော်လောက်နဲ့ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

“ဓာတ်ငွေ့သင့်တာကတော့ အဲ့ဒီနား ပတ်ချာလည်ကတော့ အကုန်ပါတာပေါ့။ လူငယ်တွေကျတော့ အောက်ဆင်းရှောင်လို့ရတယ်လေ။ လူကြီးတွေ၊ ကလေးငယ်တွေကျတော့ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆွဲချ၊ ဆွဲထုတ်ပေါ့။ ဓာတ်ငွေ့သင့်တဲ့သူကတော့ အယောက် ၄၀ တော့ မကလောက်ဘူး၊ အဲ့ဒီအထက်မှာပဲရှိမယ်။ ၇၀ ဝန်းကျင်လောက်ရှိတယ်။ အသက်ကြီးတဲ့သူတွေ အသက် ၇၀၊ ၈၀ နဲ့အထက်ဆိုရင်တော့ ရန်ကုန်ဆေးရုံကြီးကိုပို့တယ်။ ဒီဖြစ်စဉ်မှာ ပြင်းထန်လူနာရယ်လို့တော့ မရှိဘူး။ အောက်ဆီဂျင်ကျတာတို့ဘာတို့တော့ ရှိတယ်။ တချို့တွေကျတော့လည်း ဆေးရုံတင်စရာမလိုဘူး။ လွတ်တဲ့နေရာတွေမှာ အောက်ဆီဂျင်ပေးပြီး ထားထားတာတွေရှိတယ်။ ဆေးရုံပို့တဲ့လူနာတွေလည်းရှိသလို မလိုအပ်တဲ့သူတွေကိုတော့ အောက်ဆီဂျင်ပေးပြီး ထားထားတာတွေလည်း ရှိပါတယ်“လို့ Better Future လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အမိုးနီးယားဓာတ်ငွေ့အနံ့ကို လှိုင်မြို့နယ် အုတ်ကျင်းလမ်းမတလျှောက် နေထိုင်သူတွေနဲ့ မာလာမြိုင် (၁)၊(၂) ၊( ၃) ၊(၄) လမ်းအတွင်း နေထိုင်သူတွေ အဓိက ခံစားနေရပြီး အဲ့ဒီဓာတ်ငွေ့ကြောင့် မျက်ရည်ယိုတာ၊ အသက်ရှုကြပ်တာတွေ ခံစားရတဲ့အပြင် အရေးကြီးလူနာတွေကို ရန်ကုန်ဆေးရုံကြီး၊ အင်းစိန်နဲ့ မြောက်ဥက္ကလာ ဆေးရုံကြီးကို ပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။

“အခုဖြစ်စဉ်မှာ အသက်ကြီးပိုင်းတွေ ထိတာပိုများတယ်။ အထပ်မြင့်မှာ ရှိတဲ့သူတွေကကျတော့ အသက်ရှူကြပ်တဲ့သူတွေက ပိုများတယ်။ အဲ့ဒီလူတွေကို ရှေးဦးသူနာပြုစုမှုတွေနဲ့ အရေးပေါ် အကူအညီတွေပေးပြီး ဦးစားပေးအနေနဲ့ ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ပါတယ်“လို့ လှိုင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီ့ဖြစ်စဉ်မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အုပ်ချုပ်မှူယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၂ စီး၊ လူနာတင်ယာဉ် ၃ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီးတို့နဲ့ သွားရောက်အကူအညီပေးခဲ့ပြီး ည ၁၀ နာရီ ၄၇ မိနစ်မှာ ဓာတ်ငွေ့ရှင်းလင်းမှု ပြီးစီးတယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

အမိုးနီးယားဓာတ်ငွေ့ဟာ ရေငွေ့နဲ့မထိခင် လေထက်ပေါ့ပါးပြီး ရေငွေ့နဲ့ထိရင်တော့ လေးပြီး မြေပြင်ကြမ်းပြင်မှာ ထိုင်လာတတ်တယ်လို့ သိရပါတယ်။

အအေးခန်းစက်ရုံတွေနဲ့ ရေခဲစက်တွေမှာ အသုံးများပြီး မီးလောင်လွယ်ကာ ရေမှာပျော်ဝင်လွယ်တဲ့ အဆိပ်ဓာတ်ငွေ့ဖြစ်ပြီး အသုံးဝင်မှုများသလို မကိုင်တွယ်တတ်ရင် အန္တရာယ်လည်းရှိနိုင်တယ်လို့ သိရပါတယ်။

“ဓာတ်ငွေ့နဲ့ ထိတွေ့မိရင် တချို့က ရေစွတ်ပြီး မျက်နှာမှာဖုံးထားဖို့ပြောတာ တွေ့မိလို့ပါ။ အန္တရာယ်ရှိပါတယ်။ ရေနဲ့ဆေးတာမဟုတ်ဘဲ အချိန်ကြာကြာထိရင် အဲဒီရေတွေက အက်ဆစ်လိုသဘောမျိုး (အက်ဆစ်တော့မဟုတ် base ပါ) ဖြစ်သွားပြီး သူနဲ့ထိတွေ့တာတွေကို ပိုစားစေနိုင်ပါတယ် (ဓာတုသမားတွေပိုသိမယ်ထင်ပါတယ်)။ အဲဒီလိုလုပ်ရမှာမဟုတ်ပါဘူး။ ရေနဲ့ဆပ်ပြာသုံးပြီးဆေးရမှာပါ။ အမိုးနီးယားတွေနဲ့ ဆက်ပြီးမထိတွေ့နေဖို့က အရေးကြီးပါတယ်“ လို့ ဒေါက်တာသူရိန်လှိုင်ဝင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် အသိပေး ပြောကြားထားပါတယ်။

အမိုးနီးယားဟာ ခန္ဓာကိုယ်ထဲကို ရှူသွင်းတာ၊ မျိုချတာ၊ အသားနဲ့ ထိတွေ့တာတွေကတဆင့် ဝင်ရောက်နိုင်ပြီး အရာဝတ္ထုတွေကို စားတဲ့ ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။

“ဒီ ဓာတ်ငွေ့က ထိတွေ့မှုပုံစံပေါ်မူတည်ပြီး ကျန်းမာရေးဆိုးကျိုး ပြင်းထန်မှုကွာပါတယ်။ လေထုကနေတဆင့် အမိုးနီးယားဓာတ်ငွေ့ပမာဏများများနဲ့ ထိတွေ့မိမယ်ဆိုရင် ချက်ချင်းအနေနဲ့ မျက်စိ၊ နှာခေါင်းနဲ့ လည်ချောင်းတွေပူစပ်ခြင်းတို့ဖြစ်နိုင်ပြီး ပမာဏပြင်းထန်မယ် အချိန်ကြာမယ်ဆိုရင် မျက်စိကန်းတာ၊ အဆုတ်ပျက်စီးတာနဲ့ သေဆုံးတာဖြစ်နိုင်ပါတယ်။ ရှူမိမယ်ဆိုရင် ချောင်းဆိုးတာ၊ နှာခေါင်းနဲ့ လည်ချောင်းယားယံတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အမိုးနီးယားဓာတ်ငွေ့နဲ့ ပျံ့နှံမှုဖြစ်တဲ့အခါ ဖြစ်တဲ့နေရာကနေ မြန်မြန်ဆန်ဆန် ထွက်ခွာရမှာဖြစ်တဲ့အပြင် ပြီးသွားပြီပဲဆိုပြီး ဆက်နေလို့လည်း မရဘူး။ အနံ့ရှိနေတယ်ဆိုရင် ဓာတ်ငွေ့ရှိနေဦးမယ်ဆိုတဲ့သဘောဖြစ်တယ်“လို့ သူက ပြောပါတယ်။

ဒါ့ကြောင့် အမိုးနီးယားဓာတ်ငွေ့နဲ့ ထိတွေ့မိတဲ့အခါ ဓာတ်ငွေ့ထိထားတဲ့ အဝတ်အစားတွေကို ချွတ်ပစ်ပြီး အဲဒီအဝတ်အစားတွေကို အလုံပိတ်ထားခြင်း၊ အရေပြားကို ဆပ်ပြာနဲ့ ရေများများသုံးပြီး ဆေးခြင်း။ မျက်လုံးကိုလည်း ရေများများနဲ့ဆေးကြောခြင်း။ ရေများများသောက်ခြင်း၊ မျက်ကပ်မှန်တပ်ထားပါက ချက်ခြင်းချွတ်ပစ်ခြင်းတို့ ပြုလုပ်ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဒါ့အပြင် မျက်မှန်တပ်ရင် မျက်မှန်ကို ဆပ်ပြာနဲ့ရေနဲ့ဆေးကြောပြီးမှ ပြန်ဝတ်ရမှာဖြစ်ပါတယ်။ အရေပြားကိုဆေးတဲ့အခါ ဆပ်ပြာမရှိလို့ဆိုပြီး အစွန်းချွတ်ဆေးမသုံးရဘူး။ အဓိကအချက်ကတော့ အမိုးနီးယားက သူနဲ့ထိတွေ့တာတွေကိုစားတဲ့အတွက်ကြောင့် ထိတွေ့မှုမဖြစ်အောင်၊ ထိတွေ့ပြီးရင် အမိုးနီးယားတွေလုံးဝကုန်သွားအောင် ဆေးကြောပစ်ရမယ်။ ရေနဲ့ဆပ်ပြာများများသုံးပြီးဆေးရမယ်“ လို့ သူက ပြောပါတယ်။

အမိုးနီးယားဓာတ်ငွေ့ဟာ မီးလောင်လွယ်ပြီး ရေမှာပျော်ဝင်လွယ်တဲ့ အဆိပ်ဓာတ်ငွေ့ဖြစ်လို့ မတော်တဆမှု (Accident) ဖြစ်ရင် အရေးပေါ်‌ ရေရယူနိုင်ဖို့ စက်ရုံနဲ့အနီးတဝိုက်မှာ ရေကန်တွေ လုံလောက်အောင် ထားရမယ်လို့ သိရပါတယ်။

“ဒီလိုမျိုး အန္တရာယ်ရှိနိုင်လောက်တဲ့ စက်ရုံမျိုးက လူနေတဲ့နေရာတွေမှာ မရှိသင့်ဘူး။ ပြီးတော့ အမိုးနီးယားဓာတ်ငွေ့ဆိုတာက မီးလောင်လည်းလွယ်တယ်လေ။ မီးဘေးသင့်တာတွေလည်း ဖြစ်နိုင်တယ်။ ဒီ့ထက်ပိုကြီးမားတဲ့ အန္တရာယ်မျိုးတွေလည်း ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့အကြံပြုချင်တာကတော့ ဒိလိုစက်ရုံမျိုးတွေကို လူ့ပတ်ဝန်းကျင်နားကနေရှောင်ပြီးတော့ စက်မှုဇုန်တွေလိုနေရာမျိုးတွေမှာ ဖွင့်သင့်ပါတယ်“ လို့ Better Future လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကလည်း လှိုင်မြို့နယ်၊ ဆင်ရေတွင်းရပ်ကွက်မှာလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပေါ်ခဲ့တဲ့အတွက် တရပ်ကွက်လုံး ထွက်ပြေးရတဲ့အဖြစ်မျိုး ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Photo – MFSD
#voiceofmyanmar #VOM #ရန်ကုန် #ရေခဲစက် #အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှု #လူ၇၀ကျော်အဆိပ်သင့်

Related posts

Leave a Comment

VOM News

FREE
VIEW