နီပေါလေယာဉ်ပျက်ကျမှု လိုက်ပါသူအားလုံး သေဆုံး၊ အလောင်း ၆၈ လောင်း ရှာဖွေတွေ့ရှိထား

ခတ္တမန္ဒူ ၊ ဇန်နဝါရီ-၁၆-၂၀၂၃
မျိုးဆက်(VOM)

နီပေါနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံးလေကြောင်းမတော်တဆမှုအဖြစ် လေယာဉ်တစင်းပျက်ကျခဲ့ရာ အသက်ရှင်ကျန်ရစ်သူမရှိနိုင်တော့ကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လိုက်ပါသွားတဲ့ ခရီးသည်တွေထဲက တယောက်ယောက်ကို အသက်ရှင်လျှက်နဲ့ ပြန်တွေ့ဖို့အခွင့်အလမ်းဟာ လွန်စွာနည်းပါးသွားပြီဖြစ်ကြောင်း ဒေသန္တရာတာ၀န်ရှိသူတဦးကပြောပါတယ်။

လက်ရှိမှာတော့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ ဘလက်ဘောက်စ်ကို တွေ့ရှိထားပါတယ်။

ခတ္တမန္ဒူကကနေ ခရီးသွားတွေအပန်းဖြေသွားရောက်လေ့ရှိတဲ့ ပိုခါရာမြို့ကို ပျံသန်းတဲ့ ရဲတီလေကြောင်းလိုင်းက လေယာဉ်ပေါ်မှာ ခရီးသည်နဲ့လေယာဉ်အမှုထမ်း ၇၂ ဦးလိုက်ပါသွားခဲ့ပြီး လက်ရှိချိန်ထိတော့ ပျက်ကျရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။

လက်ရှိချိန်ထိ ရုပ်အလောင်း ၆၈ လောင်းကိုရှာဖွေတွေ့ရှိထားပြီး နောက်ထပ်ရုပ်အလောင်းလေးလောင်းကို ရှာဖွေနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

လေဆိပ်ကို ဆင်းသက်ဖို့ချဉ်းကပ်လာချိန်မှာ လေယာဉ်ဟာ သိသိသာသာအောက်ကို အလွန်နိမ့်ဆင်းလာပြီးနောက် ဆီတီမြစ်ကမ်းစပ်မှာ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်ဆိုးနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁၆ ရက်နေ့ကို နိုင်ငံရဲ့၀မ်းနည်းခြင်းနေ့အဖြစ် နီပေါ၀န်ကြီးချုပ်က ကြေညာထားပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #ခတ္တမန္ဒူ

Related posts

Leave a Comment

VOM News

FREE
VIEW