နက်မှောင် နိုင်လွန်ကတ္တရာမျက်နှာပြင်ပေါ်က အတိတ်ရောင်စုံပုံရိပ်

ဆူးငှက်

ရှေးသရောအခါကာလက နိုင်ငံခြားသားများ ဤကဲ့သို့ တအံ့တသြ ရင်သပ်ရှုမောမြင်ရသည့် မန္တလေးမြို့မြင်ကွင်းကို ကြည့်ရှုခံစားရသောနေရာသည်
နောင်သောအခါ ၂၆ဘီလမ်းမကြီးဟု ခေါ်တွင်ရမည့် မြေလမ်းမလေးပေါ်မှာပဲ ဖြစ်ပေလိမ့်မည်။ ဤမြေလမ်းသည် အရှေ့သို့ ဖြောင့်စင်းစွာ တိုးဝင်သွားပုံက ဟိုအဝေး ရှမ်းရိုးမညိုညိုအထိ ရောက်လေမလားအောက်မေ့ရ၏။ သို့သော် ထိုမြေသားလမ်းမသည်
ကျုံးတော်မှ အရှေ့ဆီတွင်မူ မာန်အောင်ရတနာကျာင်းတိုက်ကြီး အဝင်ဝတွင် ဦးစိုက် ငုတ်လျှိုးသွားလေသည်။

ကျုံးတော်ကြီးမှ အနောက်ဘက်ဆီ မျှော်ကြည့်လျှင်မူ ဖြောင့်စင်းသော လမ်းမကြီးသည် တမျှော် တခေါ်ကြီး ဆင်းသက်သွားပြီးနောက် ဧရာဝတီမြစ်ကမ်းမှ မြေတာရိုးမြင့်ကြီးတွင် အဆုံးသတ်၏။
လေးထောင့်စပ်စပ် မြို့ပန္နက်ပုံရှိသာ မန္တလေးတွင် အရှေ့အနောက် ဖြောင့်စင်းသော လမ်းမကြီးများ ရှိ၏။

ထိုလမ်းမကြီးများကို ၁၈၈၇ ခုနှစ်တွင် ဖွဲ့စည်းသော မြူနီစီပယ်အဖွဲ့မှ ကျောက်လမ်းများ စတင်ခင်းသည်။ မြို့တွင်း လမ်းများ အပါအဝင် လမ်းမိုင်၆ဝကို စတင်ကာ ကျေက်လမ်းခင်းခြင်းဖြစ် သည်။ ထို့နောက် အရှေ့အနောက် ဖြောင့်စင်းသော
လမ်းမကြီးများအနက် ဂေါဝိန်ဆိပ်ကမ်းဆီမှ အရှေ့အောင်ပင်လယ် ကန်ဘောင်ရိုးအထိပေါက်သောလမ်းကို အေ လမ်း တွင်စေသည်။ ပိုက်ကျုံးဆိပ်မှ အရှေ့မာန်အောင် တိုက်ဆီ ပေါက်သော လမ်းကို ဘီလမ်း…။ ကျွဲစွန်းသစ်ဆိပ်မှ ရွှေမြို့တော်ကြီး၏ အာဠဝီကြေးမုံတံခါးဆီပေါက်သော လမ်းကို စီ လမ်းဟု သမုတ်လေသည်။ ဒီ လမ်းက အနောက်ကျောက်သပိတ်တာရိုးမှ အရှေ့ စည်ရှည်တံတားအထိပေါက်သောလမ်း ဖြစ်သည်။

နောင်အခါ မြို့တွင်းလမ်းများကို လမ်း နံပါတ်များ သတ်မှတ်သောအခါ အေ လမ်းသည် ၃၅ လမ်း။
ဘီ လမ်းသည် ၂၆လမ်း။ စီ လမ်းသည် ၂၂လမ်း။ ဒီ လမ်းသည် ၁၉လမ်း ဖြစ်လေသည်။

၂၆ဘီလမ်းမသည် ဖြောင့်စင်းလွန်းလှသည်။ အနောက်ဘက်၊ ပိုက်ကျုံး မြေတာရိုးကြီးပေါ်မှ ကြည့်လျှင် ကျင်တွယ်ကိုက် ရေးဆွဲထားသော မျဉ်းဖြောင့်တစ်ကြောင်းပမာ အရှေ့ဆီ ဦးတည်သည်။ ဘီ လမ်းမပေါ်မှာ … သင်္ဂဇာချောင်း ရှိသည်။ ဈေးချိုတော်ရှိသည်။ ကာတစ် တိုက်ရှိသည်။ ကြေးနန်းရုံရှိသည်။ ဓာတ်စက်ရုံရှိသည်။ တောင်ဘက်ကျုံးနှင့် မြို့ရိုးကြီး ရှိသည်။ ရေအိုးစင်ဂိတ်ရှိသည်။

အင်္ဂလိပ်နယ်ချဲ့က မြန်မာပြည်ကို အဓမ္မသိမ်းပိုက်ထားသော အချိန်ကာလများတွင် ၂၆ဘီလမ်းမသည် နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းကို ရဲရဲဝံ့ဝံ့ ရေးခြယ်ပြသွားသေး၏။ ၁၃ဝဝ ပြည့်၊ တပို့တွဲလဆုတ် ၇ရက် ၁၉၃၉ခု၊ဖေဖော်ဝါရီလ ၁ဝရက်နေ့ဖြစ်၏။ နယ်ချဲ့၏ မတရားဖိနှိပ်မှုကို မခံနိုင်လွန်းသော မန္တလေးမြို့လူထုသည် နာမည်ကျော် အိမ်တော်ရာ
၁၄ခန်းဇရပ်ကြီးထဲတွင် စုရုံးပြီးသကာလ ၂၆(ဘီ)လမ်းအတိုင်း အရှေ့ဆီသို့ စုဝေးချီတက်၏။ရှေ့ဆုံးမှ အလံကိုင် ဦးဇာဂရ ကိုယ်တော်နှင့်အဖွဲ့သည် အရှေ့ကြေးနန်းရုံးသို့ရောက်နေချိန်တွင် ၁၄ခန်း ဇရပ်ကြီးမှ လူမကုန်သေးဟု သိရ၏။ ထိုအချိန်က
ကြေးနန်းရုံရှေ့မှ အင်္ဂလိပ်အရေးပိုင် H.N Lett က ရှပ်ဖြူလက်တို၊ ကာကီဘာင်းဘီတိုနှင့် ဂေါ်ရာဦးထုပ်ဆာင်းကာ ခါးပတ်မှာ ခြောက်လုံးပြူး အဆင်သင့်ထိုးပြီး စောင့်နေပြီ။ ထို့အတူ အရေးပိုင် ဒေးဗစ်လည်းရှိ၏။

“Go back home, Go back home..”ဟု အရေးပိုင်က ဟန့်တားသည်။
သံဃာတော်များက “We are armless”ဟု ပြန်အော်၏။ ဤသို့ဖြင့် …။ မန္တလေးသည် ၂၆(ဘီ)လမ်းအား ‘အာဇာနည်လမ်း’ဟု ကမ္ပည်းတင်လိုက်
ကြလေတော့သည်။

ထိုကာလ (၁၉၃၉၊ဖေဖော်ဝါရီ ၁ဝရက်) အချိန်တွင် ကြေးနန်းရုံနှင့်မျက်နှာချင်းဆိုင် ၂၆ဘီလမ်းမ၏ တောင်ဘက်တန်းတွင် အယ်လ်ဖင်စတုန်း ဓာတ်ရှင်ရုံရှိသည်။ ထိုရုပ်ရှင်ရုံ၌ မောင်တင်မောင်မရှင် ပါဝင်သည့် မြှားနတ်မောင်ဓာတ်ရှင် ပြနေသည်။ ယခုတော့ အယ်ဖင်စတုန်း ရုပ်ရှင်ရုံ မရှိတော့ …။ ထိုနေရာတွင် ဆိုင်ခန်းများ အစီအရီ …၊ လမ်းဘေး ပလက်ဖောင်းဆီအထိ အရောင်အသွေးစုံအင်္ကျီများ ချိတ်ဆွဲထားကာ ဈေးဝယ်သူများကို ဆွဲဆောင်နေ ၏။ ကြေးနန်းရုံနေရာတွင် အော်တိုဖုန်း စက်ခလုတ်ရုံးကြီးရှိနေပြီ။ မြင့်မားလှသော တယ်လီဖုန်းတာဝါမျှော်စင်ကြီးကလည်း ထိုးထိုးထောင်ထောင်..။ကြေးနန်းရုံးဘက်တန်းမှာ မြင့်မားသည့် စတိုးဆိုင်ကြီးတွေ ရှိသည်။ အလူမီနီယမ်ကောင်တာ …။ စတစ်ကာ ပလတ်စတစ် ဆိုင်းဘုတ်များက ပြိုးပြိုးပြက်ပြက်…။

ထို့ကြောင့် ၂၆ဘီလမ်း၏ လမ်း၈ဝနှင့် ၈၁လမ်းကြား။ (ယခင် အယ်လ်ဖင် စတုန်း
ဓာတ်ရှင်ရုံနှင့် ကြေးနန်းရုံကြား)နေရာတွင် ခမ်းနားလှသော ဆိုင်ခန်း၊ ဈေးတန်း၊ စတိုးကြီးများက မှိုလိုပေါက်လာသည်။ ကားတွေ ဆိုင်ကယ်တွေနှင့် အသွားအလာ ကျပ်တည်း ရှုပ်ထွေးနေသည့် မီးပွိုင့်အကွေ့ ကားမရပ်ရနေရာတွင် မရမကရပ်ပြီး ကားကလေးပေါ်မှ ဆင်းလာသည့် ခါးရှည်အင်္ကျီ အပွနှင့် အပွအကား ဒီဇိုင်းစကပ်ဝတ် မိန်းမ ငယ်လေးသည်
၂၆ဘီလမ်းကို တောင်ဘက် မြောက်ဘက် ကူးကာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဈေးဝယ်ထွက်နေ၏။ သူမ ဖြတ်ကူးသော နိုင်လွန်ကတ္တရာလမ်းပေါ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကျော်ကာလ ယခုလို လွတ်လပ်သော နိုင်ငံတော်အတွက် တောင်ထီးလင်းတိုက်က ဆရာတော် ဦးပဏ္ဍိတ၊ ဂွေးချိုတိုက် ဦးပညာဇောတ၊ တူမောင်းတိုက် ဦးဝေပုလ္လ၊ စကုတိုက် ဦးဇနိတ၊ငွေတောင်တိုက် ဦးအာလောကတို့ နယ်ချဲ့လက်ချက်ဖြင့် သွေးမြေကျခဲ့ဖူးတာ မသိ။ သို့သော် ဒီကနေ့ သူတို့အရွယ်လေးတွေ အများစုက သမိုင်း သိခြင်း မသိခြင်းက ကိစ္စမရှိ။

၂၆ဘီလမ်းမ၏ ၈၁/၈၂ လမ်းကြားမှာ အရင်က နေအိမ်သီးသန့်များ ချည်း။ အခုလို ဆိုင်ခန်းများမရှိ…။ အခုတော့ အိမ်ပေါက်စေ့ ဆိုင်ခန်း…။ ထို့ပြင် မူလအိမ်ရှင်များလည်း မဟုတ်။ မူလရွာနေပြည်ထိုင်အဖြစ် မှတ်မိတာက မြောက်ဘက်တန်းမှာ ‘ရွှေထီးတိုက်’ဟု ကမ္ပည်းထိုးထားသည့် တစ်ထပ်တိုက်လေးဖြစ်သည်။ သည်တိုက်လေးက ဦးဘအို၊ ဒေါ်ခင်မျိုးတို့တိုက်ဖြစ်၏။ သမီးများက ဒေါ်မမ၊ဒေါ်တင်လှ၊ဒေါ်သန်းရင်တို့ ဖြစ်သည်။ ၁၃ဝဝပြည့် အာဇာနည် အရေးတော်ပုံကာလက သူမတို့သည် အသက်၁ဝနှစ် ပတ်ဝန်းကျင်အရွယ်မို့ မြင်ကွင်းအားလုံး မှတ်မိနေသည် ဆိုသည်။ ထိုအချိန်က ဒေါ်မမသည် “မမ”ဟူသော ဆယ်ကျော်သက်ကလေးမလေးပေမင့် နန်းရှေ့လူအုပ်နှင့်အတူ ပါဝင်ခဲ့သည်တဲ့။ ထိုကာလကလည်း ၂၆ဘီလမ်းမှာ မြန်မာအိမ်သိပ်မရှိ။ နိုင်ငံခြားသား အိမ်များချည်းမို့ အားလုံး တံခါးပိတ်ထားကြသည်။ ‘ရွှေထီးတိုက်’က တံခါးဖွင့်ပြီး တိုက်ရှေ့ရေအိုးစင် တည်ထားသည်။ အင်္ဂလိပ်စစ်တပ်က ပစ်ခတ်လို့ ရုန်းရင်းဆန်ခတ်ဖြစ်တော့ ရွှေထီးတိုက်ပေါ် ဝင်ပြေးလာသူတွေ အပြည့်တဲ့…။ သို့သော် ကြောက်လန့်ပိတ်ထားသော နိုင်ငံခြားသားပိုင် တိုက်များလည်း ဤသို့ ရက်ရက်စက်စကပ်ကွပ်မျက်မှုကိုမြင်ရတော့ နယ်ချဲ့မုန်းသူချည်းမို့ တိုက်တံခါး ဖွင့်ကာ အကူအညီပေးခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်း၈၀ကျော် ကာလက အရိပ်များသည်ကား မှုန်မွှားဝေးလွင့်သွား…။ ဘီ လမ်းမ၏ နက်မှောင်နိုင်လွန်ကတ္တရာ မျက်နှာပြင်ပေါ်က အတိတ်ရောင်စုံပုံရိပ် များကား ခပ်ဝါးဝါး..….။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW