မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်

ဝါရှင်တန်၊ ဇန်နဝါရီ-၂၆-၂၀၂၃
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး(UNODS) က ထုတ်ပြန်ပါတယ်။

၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ဘိန်းစိုက်ပျိုးဧရိယာ ၃၃ ရာခိုင်နှုန်းတိုးလာပြီး ဧက ၉၉၀၀၀ ကျော်ရှိတယ်လို့ UNODS ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲပြီးနောက်မှာ စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပြသနာတွေကြောင့် အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ နယ်စပ်ဒေသရှိ ဝေးလံခေါင်သီတဲ့နေရာတွေက ဒေသခံတွေဟာ ဘိန်းကလွဲပြီး အခြားစိုက်ပျိုးသီးနှံ ရွေးချယ်စရာနည်းပါးသွားတယ်လို့ UNODS ရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျယ်ရမီဒေါက်ကလပ်စ်က ပြောပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ ဘိန်းထုတ်ကုန်တွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကနေ နှစ် ဘီလီယံထိရှိတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပြီး UNODS ကစောင့်ကြည့်ပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။

ထိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ ထိစပ်နေတဲ့ ရွှေ့တြိဂံဒေသဟာ သမိုင်းကြောင်းအရ ယခင်ကတည်းက မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရာဒေသဖြစ်ခဲ့ပြီး မြန်မာနိုင်ငံက ဘိန်းအများစုဟာ တရုတ်၊ ဗီယက်နမ်အပါအ၀င် နိုင်ငံအများအပြားကို ရောက်ရှိနေတယ်လို့ UNODS ကထုတ်ပြန်ထားပါတယ်။

Ref:AP
Photo:AP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW