ဧရာဝတီတိုင်းက ခရီးသွားဒေသတွေမှာ(၁)လအတွင်း ခရီးသည်တွေ လုယက်ခံရမှု အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားခဲ့

ဖေဖော်ဝါရီ ၃-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်းက ခရီးသွားဒေသတွေမှာ ပြီးခဲ့တဲ့ (၁)လအတွင်း ခရီးသည်တွေဆီကနေ လုယက်ဓားပြ တိုက်တဲ့ဖြစ်စဉ်တွေ အကြိမ် ၃၀ ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ခရီးသွားလုပ်ငန်း အသင်းတွေဆီကနေ
သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁)လအတွင်း ဧရာဝတီတိုင်းက ပုသိမ် ၊ ငွေဆောင် ၊ ချောင်းသာ ၊ ရွှေသောင်ယံ ၊ ဂေါ်ရင်ဂျီ ၊ နတ်တောင် ၊ လိပ်ကျွန်း ၊ သမီး လှကျွန်း ၊ပုသိမ် ရွှေမုဌောစေတီ ၊ငပုတော မြတ်မော် တင်စွန်စေတီ ၊ ဘိုကလေး ကံ့ကော်တစ်ထောင် ၊ စတဲ့ ဒေသတွေကို လာတဲ့ ခရီးသွားဧည့်သည်တွေလုယက် ဓားပြတိုက်ခံခဲ့ရတာလို့ ခရီးသွားလုပ်ငန်းအသင်းတခုက တာဝန်ရှိသူ တယောက်ကပြောပါတယ်။

”အခု ကိန်းဂဏန်းက ဇန်နဝါရီလ အတွင်းမှာ ဖြစ်ခဲ့တာပါ ၊အရင်လတွေကလည်း ဒါမျိုးဖြစ်စဉ်တွေရှိခဲ့တယ် ၊ အခုလောက်တော့ မများဘူးပေါ့ ၊ ခရီးသွားတွေကိုပစ်မှတ်ထားလာတာ၊ တော်သေးတာက ဓားပြတွေ၊လုယက်သူတွေက လူတွေကို ဘာမှ လုပ်မသွားကြဘူး၊ ဇန်နဝါရီ၄ ရက်က လွတ်လပ်ရေးနေ့မှာဆို လုယက်ဆွဲကြိုးဖြတ်ခံရတာ တနေ့တည်း ၇ ယောက်လောက်အထိ ကြုံခဲ့ရတာ။”လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီ လုယက်ဓားပြတိုက်တဲ့သူတွေဟာ အဖွဲ့အစည်း
နဲ့ လုပ်နေသလို မျက်နှာဖုံးတွေ အုပ်ထားပြီး နေ့ခင်း ကြောင်တောင်အထိ လုယက်ဓားပြတိုက်နေကြကြောင်း၊ ခရီးသွားအမျိုးသမီးတွေ ၊ကလေး သူငယ်တွေ ၊ အဖိုး ၊ အဖွားတွေကို ပိုမိုပစ်မှတ်ထား လုပ်နေကြတာလို့ ကိုယ်တွေ့ကြုံရတဲ့ သူတယောက်ကပြောပါတယ်။

”သက်ဆိုင်ရာကတော့ လုံခြုံရေး ယူပေးနေတာပဲ ဒါပေမယ့် အရမ်းအားနည်းနေတယ် ၊ ညီမဆို နေ့ခင်းကြောင်တောင် ကမ်းခြေဘက်ကို လမ်းလျှောက် ထွက်ရင်း အနောက်ကနေလိုက်လာပြီး ဆွဲကြိုး အဖြတ်ခံလိုက်ရတာ ၊ သူတို့က အဖွဲ့ဖွဲ့ထားတာ ၊လူ့ အသက်က အရေးကြီးတာမို့ ပစ္စည်းပဲပေးလိုက်တယ်၊ သူတို့ကလည်း အော်ရင်သတ်ပစ်မယ်လို့ ပြောတာ ၊အခုကာလက ကမ်းခြေတွေ ၊ အပန်းဖြေခရီးတွေ ၊ ဘုရားဖူးတွေ ထွက်ဖို့တောင်ကြောက်နေရ တယ် ၊ လုယက်တာတွေ ဓားပြတိုက်တာတွေက ခပ် စိပ့်စိပ့်နေရာအနှံ့ဖြစ်နေတာကြောင့်ပါ ၊ နောက်သူတို့က ပြန်မတုန့်ပြန်နိုင်တဲ့သူတွေကို ပစ်မှတ်ထားလုပ်နေတာ”လို့ သူကပြောပါတယ်။

အခုလို ခရီးသွားဒေသတွေမှာ လုယက် ၊ ဓာပြတိုက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားလာတာကြောင့် လုံခြုံရေး စိတ်မချရတဲ့အတွက် ရေရှည်မှာ ခရီးသွားလုပ်ငန်းတွေကို ထိခိုက်လာနိုင်ပြီး ခရီးသွားလုပ်ငန်းကိုမှီခိုနေရတဲ့သူတွေ အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ရှိလာနိုင်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ခရီးသွားဒေသတွေမှာ လုယက် ၊ ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေဟာ အရင်ကဖြစ်ပွားတာ သိပ်မရှိဘဲ ၂၀၂၁ခုနှစ် နောက်ပိုင်းကနေ တဖြည်းဖြည်းများလာခဲ့တာဖြစ်တယ်လို့ ခရီးသွားဒေသက ပြည်သူတွေနဲ့ ခရီးသွားလုပ်ငန်းအသင်းတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #ခရီးသွား #လုယက်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW