လူဦးရေစာရင်းကောက်ဖို့ကျန်တဲ့ ဒေသတွေကို လုံခြုံရေးထပ်တိုးပြီး ကောက်ယူမယ်လို့ သိရ

ဖေဖော်ဝါရီ ၄ -၂၀၂၃
GG(VOM)

ရွေးကောက်ပွဲအတွက် အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူမှု ၁၃.၅ သန်းကျော်ပြီးစီးသွားပြီလို့ သိရပြီး နောက်ထပ် ကောက်ယူဖို့အတွက် အိမ်ထောင်စုလူဦးရေစာရင်းက အိမ်ထောင်စု တစ်သန်း ခုနှစ်သိန်းကျော်ကျန်သေးတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။

အဲ့ဒီလို ကျန်ရှိနေတဲ့စာရင်းတွေကို ကောက်ယူဖို့အတွက် လုံခြုံရေးအင်အားတိုးမြှင်ပြီး ကောက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

“စာရင်း ကောက်ယူဖို့ ကျန်တဲ့နေရာတွေကို လိုအပ်တဲ့လုံခြုံရေးနဲ အုပ်ချုပ်ရေးဆိုင်ရာအပိုင်းတွေဖြည့်ပြီး ကွင်းဆင်းကောက်ယူဖို့ပြောပါတယ်၊ တနိုင်ငံလုံးအတိုင်းအတာ လူဦးရေစာရင်းထုတ်ပြန်နိုင်ဖို့အတွက် စာရင်းကောက်ရမယ့် နည်းလမ်းမျိုးစုံသုံးပြီး ကောက်ယူဖို့ ညွှန်ကြားထားပါတယ်”လို့
လ.ဝ.က မှတာဝန်ရှိသူတဦးက ပြောပါတယ်။

မဲပေးဖို့ အသက်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူလူဦးရေစာရင်းကို လာမယ့် မတ်လအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ပေးပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။

” ကျနော်တို့ရွာဘက်ကတော့ ကောက်ပြီးပြီ၊တအိမ်တဆင်းကောက်တာတော့မှန်တယ် ဒါပေမယ့် လူအသစ်ထပ်တိုးတာပဲကောက်တာ၊ကျန်တဲ့စာရင်းက မကောက်ဘူး ၊ အရင်ရွေးကောက်ပွဲတုန်းက စာရင်းရှိတယ်၊ ရွာဆိုတော့ အကုန်သိနေတယ်လေ၊ ဒါကြောင့်ပါ”လို့ ကျေးရွာ ရာအိမ်မှူးတဦးကပြောပါတယ်။

လက်ရှိကောက်ယူရရှိပြီးတဲ့ အိမ်ထောင်စုလူဦးရေ စာရင်းဟာ မြေပြင် ကွင်းဆင်းပြီး လက်ရှိ အိမ်ထောင်စုပုံစံနဲ့ တိုက်ဆိုင်စစ်ဆေး ကောက်ယူခဲ့တဲ့ အိမ်ထောင်စု ၁၁ ဒသမ ၇ သန်းကျော်၊ အခြား ဒေသမှ အိမ်ထောင်စုစာရင်းသာ ရှိသူတွေနဲ့ အိမ်ထောင်စု စာရင်းမရှိသူတွေကို အလွတ်ပုံစံ ကောက်ယူခဲ့တဲ့ အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော်ဖြစ်တယ်လို့ သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၃ရက် ညနေပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊(၁) ရပ်ကွက်၊ ဇေယျမင်္ဂလာ (၂) လမ်းမှာ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေး ဆိုသူလည်း လူဦးရေစာရင်းကောက်ရာမှာ ပါဝင်ခဲ့တယ်ဆိုကာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ၂၇ ရက်နေ့က ပဲခူးတိုင်း၊ ပြည်ခရိုင် ၊သဲကုန်းမြို့နယ်၊ ကအိုင်းကုန်းကျေးရွာက ရာအိမ်မှူး ညီဂျော်(ခ)ထွန်းထွန်းနိုင်ဆိုသူ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစရင်းကောက်ယူလို့ဆိုပြီး အသတ်ခံခဲ့ရတာ ဖြစ်ပွါးခဲ့ပါတယ်။

နောက်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း မြင်းခြံမြို့နယ်ထဲက ရွာတရွာမှာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူတဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံးသူတွေရှိခဲ့တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #လဝက #လူဦးရေစာရင်းကောက်ဖို့ကျန်တဲ့ဒေသတွေ #လုံခြုံရေးထပ်တိုးကောက်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW