အရာတော်မြို့မှာ ကျောင်းသား/သူတွေပါလာတဲ့ကား မိုင်းထိမှန်ပြီး သေဆုံး၊ဒဏ်ရာရသူတွေရှိတယ်လို့ သိရ

ဖေဖော်ဝါရီ ၊ ၁၅ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့ ၊ ခြေတော်ရာ ဘုရားနားမှာ ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်က ကျောင်းကြို /ပို့ကား မိုင်းထိပြီး ကားပေါ်ပါလာတဲ့ ကျောင်းသား/ကျောင်းသူတွေ သေဆုံး ထိခိုက်ဒဏ်ရာရတာ ရှိခဲ့တယ်လို့ အရာတော်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အရာတော်မြို့နဲ့ ဝါးတောမကျေးရွာသွားတဲ့ ကားလမ်းမှာ ပေါက်ကွဲမှုဖြစ်တာပါ ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ကျောင်းကြို / ပို့ကားပေါ်က ကျောင်းသား ၃ ယောက် ၊ ကျောင်းသူ ၈ ယောက် မိုင်းစထိမှန် ဒဏ်ရာရတယ် ၊ အဲ့ဒီ လူနာကလေးတွေ အားလုံး ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ဒီညနေမှာ တယောက်သေဆုံးတယ်လို့ ကနဦး ကြားရတယ် ၊ အတည်ပြုဖို့ လုပ်နေတုန်း”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ် ။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး အရာတော်မြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” အရာတော် အမှတ် ၃ နယ်မြေကွက်သစ် အထက ကျောင်းကနေ ကျောင်းဆင်းလာတဲ့ကား မိုင်းထိမှန်တာဖြစ်တယ် ၊ အဲ့ဒီ ကားပေါ်မှာ ကျောင်းသား ၊ ကျောင်းသူ ၃၈ ယောက် စီးနင်းလိုက်ပါလာတယ် ၊ အဲ့ဒီအထဲက ကျောင်းသား ၃ ဦးနဲ့ ကျောင်းသူ ၈ ဦး ဒဏ်ရာရတယ် ၊ အဲ့ဒီထဲက ၂ ယောက်က အသက်အန္တရာယ် စိုးရိမ်ရတဲ့ အဆင့်ရှိတယ်”လို့ ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းမှာ ကြားသိရတာက ဒဏ်ရာရ လူနာ ကျောင်းသား/ကျောင်းသူတွေအထဲက တယောက်ဟာ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ကနဦး သိရပေမယ့် အတည်ပြုဖို့ ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အရာတော်မြို့နယ် ၊ သလဲဘာကျေးရွာက လူနေအိမ် ၁ ရာကျော် မီးရှို့ခံရပြီး ဘုန်းကြီး ၁ ပါး အပါအဝင် ဒေသခံ ရွာသား ၁၁ ယောက် ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #အရာတော် #ကားမိုင်းထိမှန်မှု

Related posts

Leave a Comment

VOM News

FREE
VIEW