မတ်ပဲအထွက်နူန်း လျော့ကျလို့ ပဲခူးအနောက်ခြမ်းက တောင်သူတွေ အရင်းမကျေတဲ့အပြင် အရှုံးနဲ့ရင်ဆိုင်နေရ 

ဖေဖော်ဝါရီ ၂၀- ၂၀၂၃

GG(VOM)

ပဲခူးတိုင်းအနောက်ပိုင်းက မတ်ပဲစိုက်ခင်းတွေ အခုနှစ် မတ်ပဲရာသီမှာ ပဲအထွက်နူန်းသိသိသာသာလျော့ကျသွားလို့ ပဲစိုက်တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ပြည်ခရိုင်ဘက်မှာဆိုရင် မတ်ပဲစိုက်ခင်း လယ် ၁ ဧကကို မတ်ပဲ ၂ တင်း ၊ ၃တင်း သာထွက်တဲ့လယ်တွေအထိရှိနေလို့ စိုက်ပျိုးမှုကူန်ကျစရိတ်မရတဲ့အပြင် အရှုံးနဲ့ပါကြုံနေရတာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

” ပဲ ၁ဧက အတွက်ဆိုရင် စိုက်ပျိုးစရိတ်အရင်းက ၃ သိန်းအောက်ထစ်ရှိတယ်၊ ဒီတော့ အခုစျေးနဲ့ဆိုရင် ၁ ဧက ၅တင်းထွက်မှကျနော်တို့မှာ အရင်းပဲရတယ်၊အဲ့ဒါ အခုစျေးကောင်းလို့ရတာ၊ဒါပေမယ့် တဧကကို ၂တင်းထွက်တဲ့လယ်ရှိတယ်၊ ဒါဆို ရှုံးပြီလေ၊  ဒီနှစ်အရှုံးအရမ်းများတယ်”လို့ ပြည်မြို့နယ်ထဲက မတ်ပဲစိုက်တောင်သူတဦးက ပြောပါတယ်။

အခုနှစ်မှာ မတ်ပဲစိုက်ခင်းအများစု အဝါရောင်မှိုစေ့ရောဂါကျပြီး အခင်းလိုက်ပျက်စီးတာ၊ အပင်ပေါက်ပြီးမှ အပင်တွေသေကုန်တာ ၊သွင်းအားစုစျေးတွေကြီးမြင့်လို့ ဆေးသုံးမှုနည်းတာတွေကြောင့် မတ် ပဲအထွက်နူန်းတွေ သိသိသာသာလျော့ကျသွားတာဖြစ်တယ်လို့ သိရပါတယ်။

နောက်ပြီး အလုပ်သမားငှားရမ်းခနူန်းထားတွေကလည်း အရင်နှစ်ကထက် ပိုပြိးမြင့်တက်လာတာကြောင့် တောင်သူတွေအတွက် အရှုံးကြီးတဲ့ နှစ် ဖြစ်တယ်လို့သိရပါတယ်။

” အခုနှစ် အတော်လေးရှုံးတယ်။၁ဧကကို ၂ သိန်းရှုံးတယ်ဆိုရင် ၁၀ ဧကရှိသူက သိန်း ၂၀ လောက်ရှုံးတယ်။အလုပ်သမားခကလည်း တနှစ်တခါတက်၊ အခုနှစ် ပိုးသတ်ဆေးစျေးတွေကလည်းကြီးတော့ လူတိုင်း ဆေးတအားမသုံးနိုင်ကြဘူး။ပြည်ဘက်က အခုနှစ်ထွက်နူန်းအလျော့ဆုံးပဲ။လက်ပံတန်းဘက်ကတော့ ထွက်နူန်းလျော့ပေမယ့် အရှုံးနည်းကြတယ် “လို့ မတ်ပဲစိုက်တောင်သူတဦးက ပြောပါတယ်။ 

အခုနှစ် မတ်ပဲရာသီမှာ  စိုက်ခင်း ၁ ဧကအတွက်ကုန်ကျစရိတ်က စက်မောင်းခ ၅၀၀၀၀ကျပ်၊ ပဲမျိုးစေ့က ၆၀၀၀၀ ကျပ်၊ သွင်းအားစုကုန်ကျမှုက ၇၀၀၀၀ ၊ ရေတင်ခက ၄၀၀၀၀၊ ပဲနူတ်ခက ၆၅၀၀၀၊ ပဲစုချွေငှားခက ၂၅၀၀၀၊ ပဲစက်ချွေခက ၂၅၀၀၀ ကျပ် ကျသင့်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မတ်ပဲစျေးနူန်းက ပိဿာ ၂၀ ကို ၆၁၅၀၀ ကျပ်အထိစျေးရှိကြောင်း၊ အရင်နှစ် မတ်ပဲရာသီတုန်းက မတ်ပဲပေါ်ချိန်မှာ ပိဿာ ၂၀ တစ်တင်းကို ၃၀၀၀၀ ကျပ်ကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။

မတ်ပဲကို ပဲခူးတိုင်းအပြင် ဧရာဝတီတိုင်း ၊မကွေးတိုင်း၊ ပဲခူးတိုင်းက အဓိကစိုက်ပျိုးကြတာဖြစ်ပြီး အခုချိန်ထိ မတ်ပဲရိတ်သိမ်းနေကြတုန်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပဲခူး #မတ်ပဲစိုက်တောင်သူ #အရှုံးနဲ့ရင်ဆိုင်နေရ

Related posts

Leave a Comment

VOM News

FREE
VIEW