ထိုင်းကို ရေလမ်းကနေဝင်လာတဲ့ မြန်မာနိုင်ငံသား(၈)ဦးနဲ့ပွဲစား(၁)ဦး အဖမ်းခံရ 

ဖေဖော်ဝါရီ ၂၀-၂၀၂၃ 

MM(VOM) 

ထိုင်းနိုင်ငံ၊ ကရာ့ဘူရီမြို့နယ်၊ သမုကျေးရွာ၊ အုပ်စု- ၄ မှာရှိတဲ့ ဆီအုန်းခြံ တခုအနီးမှာ မနေ့ ဖေဖော်ဝါရီ ၁၉ရက်က အမျိုးသမီး ၂ ယောက်အပါအဝင် မြန်မာနိုင်ငံသား(၈)ဦးနဲ့ ပွဲစား(၁)ဦးဟာ ရေလမ်းကနေ လှေနဲ့ ဝင်လာချိန် အဖမ်းခံရလိုက်ရတယ်လို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့အဖွဲ့ အစည်းတွေဆီကနေ သိရပါတယ်။ 

အဲ့ဒီ မြန်မာနိုင်ငံသား ၈ ယောက်ကို ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်အခြေစိုက်လုံခြုံပူးပေါင်း ရဲတပ်ဖွဲ့ တွေက ကင်းလှည့်နေတဲ့အချိန် လှေနဲ့ ရေလမ်းကြောင်းကနေဝင်လာတာကိုတွေ့ရှိလို့ ဖမ်းမိခဲ့တာလို့ သိရပါတယ်။ 

ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၈ ယောက်ကို ပစ်ကပ်ကားနဲ့ လာကြိုတဲ့ အလုပ်ပွဲစားဆိုသူ အမျိုးသား ၁ ယောက်ကိုလည်းကိုလည်း ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။ 

”မနေ့က ဖမ်းမိတာ မြန်မာနိုင်ငံသား အမျိုးသားက ၆ ယောက်နဲ့ အမျိုးသမီးက ၂ ယောက်ပါ ၊မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေတဆင့် တရားမဝင်လာတာလို့သိရတယ်၊ အခု အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ၈ ယောက်ကို ကမ်းစပ်အနားမှာ လာကြိုနေတဲ့ အလုပ်ပွဲစား ၁ ယောက်လည်းဖမ်းခံခဲ့ရတယ် ၊ ပွဲစားနဲ့ဆို ၉ ယောက်ပေါ့။”လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတဲ့ ကိုသက်ပိုင်ကပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံ  မော်လမြိုင်မြို့ကနေထွက်လာတဲ့သူတွေဖြစ်ပြီး ထိုင်းနိုင်ငံ၊ဖူးကစ်မြို့မှာ အလုပ်လုပ်ဖို့အတွက် ဝင်ရောက်လာသူတွေဖြစ်ကာ အလုပ်ရှာပေးမယ့်ပွဲစားကို ပွဲစားခအဖြစ် လူ ၁ ယောက်ကို ထိုင်းဘတ်  ၁၅၀၀၀ ပေးရပြီး လာကြိုခအဖြစ် ထိုင်းဘတ် ၁၅၀၀ ပေးရတယ်လို့ သိရပါတယ်။ 

အခု ဖမ်းဆီးရတဲ့ မြန်မာနိုင်ငံသား လုပ်သား ၈ ယောက် နဲ့ ပွဲစား ၁ ယောက်ကို ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အရေးယူဖို့ ရနောင်ခရိုင်၊ ပါက်ကျန်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထိုင်း #မြန်မာနိုင်ငံသားရှစ်ဦး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW