မြေမြုပ်မိုင်းဟောင်းပေါက်ကွဲလို့ ကလေးငယ် (၁)ဦးသေဆုံး၊ (၁)ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၁၈ ၊ ၂၀၂၃

SP (VOM)

ရှမ်းပြည်နယ် ၊တန့်ယန်းမြို့၊ ရပ်ကွက်(၂)၊ နောင်ဖာလမ်း၊ အုပ်စု(၁-ဃ) ဦးလုံးလှ ဆိုသူရဲ့ ခြံဝန်းထဲမှာ မနေ့ ဖေဖော်ဝါရီ ၁၇ ရက်က ကန်စွန်းဥ တူးဖော်ရာကနေ မြေမြုပ်မိုင်းဟောင်းတစ်လုံး ပေါက်ကွဲပြီး ကလေးငယ် ၁ ဦးသေဆုံးကာ ၊ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ကလေး ၂ ယောက်က သူတို့ရဲ့ အဘိုးတော်စပ်သူရဲ့ ခြံဝန်းထဲမှာ ကန်စွန်းဥတူးကြတယ် ၊ အဲ့ဒီအခါ မိုင်းဟောင်း တစ်လုံးပေါ် တူးမိပြီး ပေါက်ကွဲသွားတာ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့်  စိုင်းစွမ်ဖ ၄ နှစ် ၆ လက လက်ကောက်ဝတ် ပြတ်ထွက်ဒဏ်ရာ၊ ယာ ဒူးခေါင်းအောက် ပြတ်ထွက်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ် ၊ သူရဲ့ညီဖြစ်သူ စိုင်းခေးလောင် အသက် ၃ နှစ် ဆိုသူက ကျော ဝဲဘက်ခြမ်း ၂ လက်မခန့်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်”လို့ ပန်းသေးနာရေးကူညီမှု အဖွဲ့ဝင် ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ သေဆုံး ၊ ဒဏ်ရာရတဲ့ သူတွေကို ဒေသခံ ပန်းသေးလူမှုကူညီရေးအဖွဲ့က တန့်ယန်းမြို့ ပြည်သူ့ဆေးရုံဆီ ပို့ဆောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တန့်ယန်းမြို့နယ်မှာ တောင်ယာလုပ်ငန်းခွင်းမှာ လုပ်ကိုင်နေရင်း မြေမြုပ်မိုင်းဟောင်းတွေ မကြာခဏ ပေါက်ကွဲတာကြောင့် အသက်သေဆုံးတာ ၊ ကိုယ်အင်္ဂါအစိပ်အပိုင်းတွေ ပြတ်တောက်တာတွေ ဖြစ်ပွားတတ်ပါတယ်။

အဲ့ဒါကြောင့်် သက်ဆိုင်ရာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက မိုင်းအသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #တန့်ယန်း

Related posts

Leave a Comment

VOM News

FREE
VIEW