ရွှေမန်းဆီသို့

ဆူးငှက်

မန္တလေးတောင် ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်မှ ပတ်ဝန်းကျင်တစ်ခွင် လှမ်းမျှော်ကြည့်လိုက်လျှင် မန္တလေးသည် မြူထဲ၌ လူးလွန့်နေ၏။ တစ်ခါတစ်ရံ အဆောက်အအုံသစ်တချို့၏ သွပ်မိုးပြောင်ပြောင်သည် မှန်ထိုးပြနေသဖြင့် တဖျပ်ဖျပ်…။ မန္တလေးကို ပတ်လည် ဝန်းရံနေတာက ရေရိပ်၊လယ်ရိပ်များသာဖြစ်ခဲ့ကြောင်း အစွန်းအထင်း အစအနတွေ တွေ့နေရပါသေးသည်။ အရင်ကတော့ … အောင်ပင်လယ်ကန်၊ နန္ဒာကန်တွေမှာ ရေရိပ်သမ်းခဲ့မှာပေါ့…။ အရင်ကတော့ ငွေတော်ကြည်ကုန်း၊ သင်ပန်းကုန်း၊ ထွန်တုံး၊ ရဲမွန်တောင်နှင့် ကံ ကောက်နယ်တစ်ကြောမှာ လယ်ရိပ် စိမ်းမြမြပင်လယ်ပြင်ကြီး ဖြစ်မှာပေါ့။ အခုတော့ … ထို ရေရိပ်၊ လယ်ရိပ်များဆီမှ သွပ်မိုးပြောင်ပြောင်များ တဖျပ် ဖျပ် မှန်ရိပ်ထိုးပြနေပြန်သည်။

ကုန်လွန်ခဲ့သော ကာလများဆီကတော့ သစ်ရိပ် ဝါးရိပ်တွေအာက်က ဣန္ဒြေကြီးလှသော မန္တလေး..။

ဒီကနေ့တော့ နိုင်လွန် ကတ္တရာလမ်းနှင့် ကွန်ကရစ်တောမှာ လျှပ်ပေါ်လော်လီသော မန္တလေး…။

မန္တလေး မှာ သစ်၊ ဝါး အတွေ့အထိတွေ ချိနဲ့ပါးလျားစပြုလာ၏။ သစ်၊ ဝါးသည် ဧည့်ခန်းဆောင် ကြမ်းခင်းပါးကေးများအဖြစ် ပေါလစ်ရောင်အောက်မှာပဲ ပွတ်သပ်ကြည့်ရတော့မည်။တန်ဖိုးမြင့်တက်သွားတာလား…။ ရှားပါးသွားတာလား မသိ။ မန္တလေးတောင်ထိပ် ဆုတောင်းပြည့်ရင်ပြင်မှာပင် ကွန်ကရစ်ရိပ်၊ မှန်ရိပ်၊ကြွေရိပ်များနှင့်ခေတ်ပေါ်များကို ဆင်မြန်းထားချေပေါ့…။ ရင်ပြင်တော်ပါ်မှာ မှန်ရိပ်ကိုနောက်ခံပြု …၊ကြွေရိပ်ပေါ်မှာ ခြေစုံရပ်ကာ သံမဏိပိုက်ဝရံတာမှတစ်ဆင့် မန္တလေး၏ အပြောင်းအလဲတွေကို ဆင်ခြင်မိရင်း ဟို…အနောက်ဘက်

မင်းဝံတောင်ရိုးဆီ လှမ်းမျှော်ကြည့်မိသည်။ မင်းဝံတောင်ရိုး …၊ ဧရာဝတီ၊ ဟောဟိုအုပ်အုပ်က ရှင်အရဟံသိမ် ဖြစ်မှာပေါ့…။ အဲဒီဘေးက ကူကြီးကုန်းဖြစ် မှာပေါ့…။တောင်ဘက်နားက ထီးတစောင်းဘုရား…၊

ဒီဘက်မှာက ပြည် တိုက်…။ ဟိုဟာ ညောင်ကွဲ….။

တောင်ပေါ်မှသည် အောက်ခြေကနေရာတွေကို အခုလို မှန်းဆ လက်ညှိုးထိုးရတာ ပျော်စရာကောင်းသော အလုပ်ဖြစ်၏။ ဆုတောင်းပြည့်ရင်ပြင်ကို မက်မောရတာကလည်း အခုလို လက်ညှိုးထိုးချင်လို့ ဖြစ်ပါသည်။

တကယ်တော့ မန္တလေးသည် မြန်မာပြည်အလယ်ပိုင်း မိုးနည်းရေရှားဒေသမှာ တည်ရှိဆိုငြား ပုဂံခေတ်ကတည်းက တူးဖော်ဆည်ဖို့ သိုလှောင်ထားသည့် ဧရာမအောင်ပင်လယ်ကန်ကြီးက အရှေ့မှဆီးသည်။

တောင်မှာ သဘာဝ အင်းကျယ်ကြီး ဇောင်းကလောနှင့် တောင်သမန်ရှိသည်။ အနောက်တောင်ထာင့်မှာ

တက်သိမ်းအင်းပြင်၊ ထို့နောက် ဧရာဝတီမြစ်က အနောက်မှဆီးထား၏။မြောက်မှာက နန္ဒာကန်တဲ့။ ဤသို့ဖြင့် ရေပတ်လည်ဝိုင်းသည်။ ရွှေမြို့တော်တွင်းသို့ လက်တံမြောင်း အသီးသီးနှင့် ရေသွင်း၏။

ကျုံးတော်ကြီးကလည်း ကြာမျိုးငါးမည်နှင့် ရေဖြည့်ထားသည်။ ရွှေတချောင်း ရေရှင်ရေသန့်မြောင်းကလည်း သွင်သွင်စီးသည်။ ရတနာနဒီမြစ်ကို တူးဖော်ပြီး မင်းခမ်းမင်းနားနှင့် ရေကင်းနရီသံ စီစီညံစေသည်။ ထိုထိုရေချောင်း၊ရေမြောင်း၊ရေကန်၊ရေဆည်၊ ရေအင်းတို့၏ကလနားတွေမှာ အရှေ့ရိုးမကြီးရှိသည်။ အလယ်ရိုးမ မင်းဝံတောင်ရိုးကြီးရှိသည်။

အရှေ့ဘက် မိုင်၂ဝ အတွင်းပေါ့။ အနောက်ဘက် ၄ မိုင်၊ ၅ မိုင်အတွင်းပေါ့။ မြို့၏အရှေ့ဘက် ၄မိုင်အကွာမှာ ရန်ကင်းတောင် တောင်ပူစာရှိသည်။ မြို့မြောက်ခြမ်းမှာ မန္တလေးတောင် တောင်ပူစာ

ရှိသည်။ ထိုမှ မြောက်ဆီမျှော်ကြည့်လျှင် သခင်မတောင်တော်ကို ခပ်ရေးရေး မြင်ရသေး၏။ အနောက်မြောက်ဘက်ဆီသို့ လှမ်းမျှော်ကြည့်ပါဦး။ ငွေရောင်ရေရိပ် လက်ခနဲထသည့် ဧရာဝတီမြစ်၏ အထက်ဆီမှာ ထုထည်ကြီးမားသော မင်းကွန်းပုထိုးတော်ကြီးကို အညိုရင့်ရောင် စုတ်ချက်ကြမ်းကြီးပမာ မှုန်ပျပျမြင်ရသည်။ ကပ်လျက်ဖြူဖြူအစက်က မြသိန်းတန်ဘုရားဖြစ်မှာပေါ့။ ဒီမြစ်ရိုးတလျှောက် အောက်ဖက် ဆက်ဆင်းလျှင် မင်းဝံတောင်ရိုးနှင့် စစ်ကိုင်းတောင်ရိုးက ဖြူဖြူဝါဝါနှင့် သပ္ပာယ်စွာသော စေတီပုထိုးတို့ကို ဖူးတွေ့ရပေမည်။ ထိုနေရာအောက်ခြေမြစ်ရေကနည်းလို့ သောင်ပြင်ကျယ်က ပြန့်ပြောနေတာကိုလည်း ဂရုစိုက်ကြည့်လျှင် မြင်နိုင်ပါသေး၏။ စစ်ကိုင်းတောင်ရိုးနှင့် မြစ်တဘက်ကမ်း ရွှေကြက်ကျရွှေကြက်ယက်မှသည် စံရွေးဆိပ်ကမ်းမှ မြောက်ဆီ ဆက်ကြည့်တော့ အမရပူရ၏

သစ်ရိပ်ဝါးရိပ်အဆုံး မြို့ပြ၏ ကွန်ကရစ်တော အစမှာပင် ရွှေရောင်တဝင်းဝင်းနှင့် သပ္ပာယ်လှစွာသော မဟာမုနိရှင်ကို ကြည်ညိုစွာ ဖူးတွေ့နိုင်ပါသည်။

မန္တလေးမှာ ကျေးငှက်သာရကာနှင့်၊ကြာရိုးကြာစွယ်နှင့်၊ အင်းရေအင်းကန်နှင့်၊ တောနှင့်တောင်နှင့်၊ ပျိုးခင်းလယ်ကွင်းနှင့်သာမက မြို့တွင်းမြို့ပြင်တွင်လည်း ဖူးမြော်နိုင်သည့် ဘုရားပုထိုးစေတီကျောင်းကန်တို့ အသင့်ရှိနေသည်။ ထိုအခါ လူ့ဘဝ၏ဖြတ်သန်းမှုတွင် ပရိယေသနဝမ်းစာနှင့်အတူ ခံစားနားခို အားမွေးခြင်းအတွက် မန္တလေးက ရေကြည်ရာ မြက်နုရာဖြစ်ပုံကို သိသာစေခြင်း ဖြစ်သည်။

ဤသို့ တင့်တယ်သာယာလှပေသော မန္တလေးကို သိသာစေမည့် သီချင်းကောင်းတစ်ပုဒ်ကို တေးပြုစာဆိုကြီး ဦးဘသိန်း(မန္တလေး)က တခမ်းတနားဖွဲ့ဆိုခဲ့ပါ၏။ “ရွှေမန်းဆီသို့” ဟူသောအမည်ဖြင့် ထင်ရှားခဲ့သည်။

သည်သီချင်းက မန္တလေးရုပ်ရှင်က ရိုက်ကူးခဲ့သော “ဤလူ့ဘောင်တွင်” ဇာတ်ကားအဖွင့်တွင် မန္တလေးပုံရိပ်မြင်ကွင်းကျယ်များနှင့် အလွန်လိုက်ဖက်လှသည်။ ရုပ်ရှင်တွင် ရုပ်ရှင်မင်းသမီး မြင့်မြင့်ခင်သီဆိုခဲ့ပြီး၊ မန္တလေးသူ အဆိုတော် မစိမ်းစိမ်း၏ဓာတ်ပြားဖြင့် ထင်ရှားခဲ့သည်။ ရွှေမန်းဆီသို့ကား အနှစ်၆၀ကျော်သော်လည်း သစ်လွင်နုပျိုနေဆဲပင်။

ရွှေမန်းဆီ—သို့

တေးရေး – ဦးဘသိန်း(မန္တလေး)

(ရွှေမန်းဆီ—သို့ တစ်ခါတစ်ခေါက်ဖြင့်ရောက်စေချင်သည်xxကျူံးတော်ပတ်လည်မမြို့ရိုး ပြအိုးပစ္စင်xကာရံကာအတည် မြန်မာစံဌာနေ သာယာပါပေ့သည်၊ရေရိပ်ရေအောက်ဆီ နေခြည်ဟပ်ကာအလွန်ပနာရ လှ သည်။)၂

ရှုဖွယ်စုံညီရွှေ–နန်းတော်အရှေ့ဆီ မြရည်ညိုညို တောင်တန်းတွေကမှုန်ရီ၊ ငါးရံမင်း–ေ

စတီတောင်တော်ထူး x—– အောင်ပင်လယ် ယာပြင်ဦး—က ဖူးနိုင်ပါသည် အထူးပဲအစဉ် ဖိတ်ခေါ်ပါသည်။

((ဟိုမှသည် အရောက်သွားလို့ မန္တလေးတောင်တော်ဆီ တစ်ခေါက်နားမည်၊မြင်ကွင်းကျယ်ကျယ်

ပတ်ဝန်းကျင်ဝယ်– မှန်းလို့ရှု့ရမည်။)၂မုန်–ရီမှေး၊ ဟိုး–အဝေးကစေတီ သခင်မတောင်တော်မဟီရှင့်၊ အနောက်မြောက်ယွန်းတော့း xမင်းကွန်းထိုစေတီဖူး–တွေ့ရမည်၊ ဧရာဝတီမြစ်ကြောင်းဆက်ကာ၊ အနောက်ဘက်မှာ ရှု့ကြည့်ပါ ပုထိုးစေတီးအထူး–ဦးချီ စစ်ကိုင်းမင်းဝံဆီ။)၂

စစ်ကိုင်းတောင်တော်အဆုံးဆီ၊ဇေယျာရွှေပြည် ညိုမှိုင်းလျှက်အတည်၊ သည်မှဘက်ကမ်း ကြက်ညီနောင်စံမြန်းတဲ့စေတီ မူခြည်တွေထဲ မသဲမကွဲဖူးတွေ့နိုင်သည်။

ဒါတွေစုံပါသည်မို့တွင်းကိုလှည့်မည်၊ဝေ–ယံဘုံပမာနန်းဆောင်တမျှ သင်္ဂရွရောင် ထိန်ဝါဝေပြောင် အလျှံကိုဆောင်—၊၊မြို့တောင်အဖျားဆီ မှန်းရည်x–။၊ မဟာမတ်မုနိကိုယ်-တော်- စံရာ-ကိုပင် ဖူး—တွေ့နိုင်ပါသည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW