ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန် တံတားဂိတ် ပြန်ဖွင့်ပေမယ့် အဝင်အထွက် အဆင်မပြေသေး

မတ် ၄၊ ၂၀၂၃
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်က ရှေးအကျဆုံး ကုန်သွယ်ရာလမ်းဖြစ်တဲ့ ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန် တံတားဂိတ်ကို ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစ ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် လက်ရှိမှာ အဝင်အထွက်အဆင်မပြေသေးဘူးလို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

” ဂိတ်က တရုတ်ဘက်က အားလုံးဖွင့်ပြီလေ။ အခုက မြန်မာဘက်က အဆင်သင့် မဖြစ်သေးလို့ လို့ပြောတာပဲ၊ တရုတ်ဘက်ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကစ တရုတ်နိုင်ငံမှာ ကိုဗစ်သတ်မှတ်ချက်တွေ ဖြေလျှော့လိုက်ပြီးနောက် တရုတ်ဘက်က မြန်မာနဲ့ တရုတ် ထိစပ်နေတဲ့ မူဆယ်နယ်စပ်ဂိတ်တွေကိုလည်း အခုနှစ် နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်လိုက်တာဖြစ်ပေမယ့် မြန်မာဘက်ခြမ်းမှာ မဖွင့်လှစ်သေးတာ။”လို့ နယ်စပ် ကုန်သည်တဦးက ပြောပါတယ်။

ပန်ဆိုင်း (ကြူကုတ်) မြို့ခံ အမျိုးသမီး ၁ ဦးကလည်း “ဆိုင်ကယ်တွေ ဘာတွေ ဝင်လို့မရသေးဘူး။ လူကိုလည်း အကန့်အသတ်နဲ့။ ပန်ဆိုင်းမြို့နဲ့ တရုတ်နဲ့ထိစပ်နေတဲ့ နေရာကတွေက ဒေသခံတွေပဲ” လို့ ပြောပါတယ်။

မတ်လ ၁ ရက်နေ့ ကတည်းက မြန်မာဘက်ခြမ်းလည်း ဂိတ်ဖွင့်ထားပေမယ့် ဝန်ထမ်းတွေ အဆင်သင့် မဖြစ်သေးတာကြောင့် အဝင်အထွက် လုပ်တာမရှိသေးဘူးလို့ နမ့်တောင်း ဒေသခံ အမျိုးသားတဦးက လည်း ပြောပါတယ်။

“တရုတ်ဘက်ခြမ်းကတော့ ဖွင့်ထားတယ်။ ကျနော်တို့ မြန်မာနိုင်ငံဘက်ခြမ်းကလည်း ဖွင့်တော့ ဖွင့်ထားပြီ။ ဒါပေမယ့် အခုထိတော့ လူဝင်လူထွက် မရှိသေးဘူး။ ဒါပေမယ့် ဒီကြားထဲ လဝကတွေ သူတို့ လူမစုံသေးဘူး။ ဝန်ထမ်းလည်း ကောင်းကောင်း မထားရသေးဘူး။ ဒီကြားထဲ ဝန်ထမ်းတွေဘာတွေ ခန့်ထားနိုင်ရင်တော့ ပထမဆုံး လူ အဝင် အထွက်ပဲ အရင်လုပ်မယ်လို့ ပြောတယ်။”လို့ သူက ရှင်းပြပါတယ်။

လူ အဝင်အထွက် အရင်ခွင့်ပြုပြီးတော့ တဖြည်းဖြည်း ဒေသစိုက်ပျိုးသီးနှံတွေလည်း အရောင်းအဝယ် ပြန်လုပ်နိုင်ဖို့၊ ကားတွေ၊ ကုန်တင်ကားတွေလည်း ပြန်ဝင်လို့ ရအောင် စီစဉ်နေတာသိရတယ်လို့ သူက ထပ်ရှင်းပြပါတယ်။

တရုတ် – မြန်မာ နယ်စပ်၊ ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန် နှစ်နိုင်ငံ လူဝင်၊ လူထွက်နဲ့ ကုန်သွယ်ရာဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ကတည်းက ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်ဘက်က ပိတ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Crd – G U
#voiceofmyanmar #VOM #ပန်ဆိုင်း #ဝမ်တိန်တံတား #အဝင်အထွက်အဆင်မပြေသေး

Related posts

Leave a Comment

VOM News

FREE
VIEW