စစ်တွေကမ်းခြေမှာ ပြုလုပ်တဲ့ ရိုးရာရှစ်သျှောင်းမြောက် သဲပုံစေတီပွဲ

မတ် ၆-၂၀၂၃
SW(VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပွိုင့်ကမ်းခြေမှာ ရခိုင်ရိုးရာ သျှစ်သောင်းမြောက်ပွဲ (ခေါ်) သဲပုံစေတီပွဲကို မနေ့ မတ်လ ၅ ရက်နေ့က ရိုးရာမပျက်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

တပေါင်းလပြည့်နေ့ရောက်တိုင်း စစ်တွေကမ်းခြေမှာ အခုလို သဲပုံစေတီပွဲ ကျင်းပတာဖြစ်ပြီး စစ်တွေမြို့ခံတွေနဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ လာရောက်ပါဝင်ဆင်နွှဲတဲ့ ရိုးရာပွဲတော်ဖြစ်ပါတယ်။

အဲဒီ သျှစ်သောင်းမြောက်ပွဲတော်ကို သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ရခိုင်မင်္ဂလာစည်တော် တီးပြီး ပင်လယ်ကမ်းခြေကသဲတွေနဲ့ ဘုရား၊ ပုထိုးပုံတွေ၊ ရခိုင်တို့ရဲ့ တန်ဖိုးထားရတဲ့အရာတွေကို ပုံဖော်ပြုလုပ်ကြတဲ့ပွဲတော်ဖြစ်ပါတယ်။

ကျင်းပတဲ့ပွဲတော်ကို လူပေါင်း ထောင်နဲ့ချီ ပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်တွေဟိုတယ်အဝင်လမ်းနဲ့ ရှုခင်းသာ ကမ်းနားလမ်းတွေမှာ ဆိုင်ကယ်တွေနဲ့ ယာဉ်ကြောပိတ်ဆို့တာတွေအထိ ဖြစ်ခဲ့ကြောင်း သဲပုံစေတီပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။

” ဒါကရိုးရာပွဲဆိုတော့ ရသေ့တောင်ကနေလာပြီးတော့ ပါဝင်ဆင်နွှဲတာဖြစ်ပါတယ်။ ကမ်းခြေမှာ လူတွေအများကြီးနဲ့ဆိုတော့ ပျော်စရာကောင်းပါတယ်။ လမ်းက ယာဥ်တွေနဲ့ ပိတ်နေတော့ သိပ်အဆင်မပြေတာတော့ရှိတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်မက စည်ကားသိုက်မြိုက်စွာ ကျင်းပါနိုင်ပါစေလို့ ပြောချင်ပါတယ်။” လို့ သူကပြောပါတယ်။

သျှစ်သောင်းမြောက်ပွဲတော်ကို ရှေးရခိုင်ဘုရင်မင်းမြတ်တွေလက်ထက်ကတည်းက ကျင်းပခဲ့တာဖြစ်တယ်လို့သိရပြီး ဒီနေ့မှာလည်း စစ်တွေဒေသခံတွေက ရိုးရာအမွေအနစ်ကို ထိန်းသိမ်းတဲ့အနေနဲ့ ပွဲတော်ကို ကျင်းပရတာလို့ ပြောဆိုကြပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #ရိုးရာရှစ်သျှောင်းမြောက်သဲပုံစေတီပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW