ICC ကဖမ်း၀ရမ်းထုတ်ခံရတဲ့ ရုရှားသမ္မတပူတင် ဖမ်းဆီးခံရနိုင်လား

မတ်-၁၈-၂၀၂၃
မျိုးဆက်(VOM)

နိုင်ငံတကာ ရာဇ၀တ်တရားရုံး(ICC) က ရုရှားသမ္မတပူတင်ကို မတ် ၁၇ ရက်နှောင်းပိုင်းမှာ ဖမ်း၀ရမ်းထုတ်လိုက်ပါတယ်။ အကြောင်းကတော့ ယူကရိန်းစစ်ရာဇ၀တ်မှုကျူးလွန်တာတွေအတွက် တာ၀န်ရှိလို့ဖြစ်ကြောင်း နယ်သာလန် သည်ဟိတ်အခြေစိုက် ICC ကထုတ်ပြန်ပါတယ်။

ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလကတည်းက ရုရှားဟာစစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ICC ကဆိုပါတယ်။ အဓိကအားဖြင့် ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေက ကလေးငယ်တွေကို နေရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်တာတွေလည်းပါ၀င်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားရဲ့ကလေးသူငယ်ဆိုင်ရာ ကော်မရှင်နာမင်းကြီး မာရီယာအလက်ဆီ ယဲဗနာကိုလည်း ICC က ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပါတယ်။

အခုလို ပူတင်တို့ကို ဖမ်း၀ရမ်းထုတ်လုပ်တဲ့အပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ကြိုဆိုလိုက်ပါတယ်။ ပူတင်ဟာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ ဂျိုးဘိုင်ဒင်ကပြောပါတယ်။

ရုရှားဟာ ယူကရိန်းမှာ စစ်ရာဇ၀တ်မှုတွေကျူးလွန်ခဲ့ကြောင်း အမေရိကန်အစိုးရနဲ့ ကုလသမဂ္ဂကလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ICC ဟာ လက်ရှိထုတ်ပြန်တဲ့ ဖမ်း၀ရမ်းတွေကို လျှို့ဝှက်ထားဖို့ ကနဦးကစီစဉ်ခဲ့ပေမယ့် နောက်ထပ်ကျူးလွန်မှုတွေကိုရပ်တန့်ဖို့အတွက် လူသိရှင်ကြား ထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။

ဒါဟာ ရုရှားကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် အစပဲရှိသေးတယ်လို့ ယူကရိန်းသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါပေမယ့်လည်း ဖမ်း၀ရမ်းထုတ်ခံရတဲ့ ရုရှားသမ္မတပူတင်ကို အမှန်တကယ်ဖမ်းဆီးနိုင်မှာလားဆိုတဲ့ မေးခွန်းတွေနဲ့ အငြင်းပွားမှုတွေလည်းရှိနေပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့ဟာ လက်ရှိချိန်ထိ ICC အဖွဲ့၀င်နိုင်ငံတွေ မဟုတ်ကြပါဘူး။

ပထမအနေနဲ့ ရုရှားဟာ ICC ရဲ့ ရောမစာချုပ်၀င်နိုင်ငံမဟုတ်တဲ့အတွက် ICC က စီရင်ခွင့်မရှိဘူးလို့ ရုရှားက တုံ့ပြန်ထားပြီး ဒီဆုံးဖြတ်ချက်က ရုရှားအတွက်တော့ အရေးပါအရာမရောက်ဘူးလို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောဆိုခဲ့ပြီး ဖမ်း၀ရမ်းကို အိမ်သာသုံးစက္ကူနဲ့ ဒေါသတကြီး နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ရုရှားဟာ ရောမစာချုပ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံ ဖြစ်ခြင်း၊မဖြစ်ခြင်းနဲ့ မသက်ဆိုင်ကြောင်း၊ နိုင်ငံတကာအသိုက်အ၀န်းရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့ နိုင်ငံပေါင်း ၁၂၃ နိုင်ငံလက်မှတ်ထိုးပါ၀င်ထားတဲ့ ICC ရဲ့ဥပဒေစီရင်ခွင့်ကို လက်ခံထားတဲ့နိုင်ငံသို့မဟုတ် နယ်မြေအတွင်း ကျူးလွန်တဲ့ရာဇ၀တ်မှုတွေအတွက် စီရင်ပိုင်ခွင့်ရှိတယ်လို့ ICC ဥက္ကဌ ဟော့မန်စကီးက ပြောပါတယ်။

ယူကရိန်းအစိုးရရှေ့နေချုပ် အန်ဒရီကိုစတင်ကတော့ ရုရှားသမ္မတပူတင် ရုရှားကနေထွက်ခွာမယ်ဆိုရင် ဖမ်းဆီးခံရလိမ့်မယ်လို့ ပြောပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ပူတင်ကို လက်ဆွဲနှုတ်ဆက်ခြင်း သို့မဟုတ် စားပွဲဝိုင်းမှာ အတူထိုင်ဆွေးနွေးဖို့ နှစ်ကြိမ်ပြန်စဉ်းစားရတော့မယ်လို့ ဆိုပါတယ်။

၁၉၉၀ ခုနှစ်တွေအတွင်း ခရိုအေးရှား၊ ဘော့စနီးယားနဲ့ ကိုဆိုဗိုတို့မှာ စစ်ရာဇ၀တ်မှုတွေနဲ့ ICC မှာတရားရင်ဆိုင်ပြီး ဘ၀အဆုံးသတ်သွားတဲ့ ဆာဘီးယားခေါင်းဆောင် ဆလိုဘိုဒန်မီလိုဆီဗစ်ရဲ့ ဇာတ်သိမ်းကို သတိပြုသင့်တယ်လို့ ICC အစိုးရရှေ့နေ ကာရင်ခန်းက ပြောပါတယ်။

နေ့ဘက်မှာ ရာဇ၀တ်မှုကျူးလွန်သူတွေဟာ ညဘက်မှာ ကောင်းကောင်းအိပ်မပျော်ရတဲ့ သမိုင်းကိုပြန်ကြည့်ဖို့ ပူတင်ကို သူကတိုက်တွန်းပါတယ်။

ICC ဟာ ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှားနဲ့ လစ်ဗျားသမ္မတ ကဒါဖီတို့ကိုလည်း ဖမ်း၀ရမ်းထုတ်ခဲ့ပေမယ့် တရားရုံးအနေနဲ့ အရေးယူနိုင်မှုမရှိခဲ့ပါဘူး။

ပူတင်ကတော့ တတိယမြောက် ဖမ်း၀ရမ်းထုတ်ခံရတဲ့ တာ၀န်ထမ်းဆောင်ဆဲ သမ္မတလည်းဖြစ်ပါတယ်။

ရုရှားသမ္မတပူတင်ကို ဖမ်းဆီးနိုင်ရေးဟာ ICC အဖွဲ့၀င်နိုင်ငံတွေအားလုံးအနေနဲ့ တရားရုံးနဲ့အပြည့်အ၀ပူးပေါင်းဖို့ တာ၀န်ရှိပြီး ဖမ်းဆီးဖို့လည်း တာ၀န်ရှိနေကာ ဖမ်းဆီးနိုင်ရေးဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်နေတယ်လို့ ICC ဥက္ကဋ္ဌ က ပြောပါတယ်။

ဒါပေမယ့်လည်း နိုင်ငံတနိုင်ငံရဲ့အစိုးရက ပူးပေါင်းဆောင်ရွက်မှုမပါ၀င်ဘဲ ICC ဟာ ဖမ်း၀ရမ်းထုတ်ထားတဲ့ သံသယရှိသူကို ဖမ်းဆီးဖို့အခွင့်အာဏာမရှိတာကြောင့် ပူတင်ကိုဖမ်းဆီးနိုင်ရေး ဖြစ်လာနိုင်ဖွယ်မရှိကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပူတင်ကို ဖမ်းဆီးရေး ICC အနေနဲ့ အလားအလာနည်းပါးပေမယ့် နိုင်ငံတကာကို ခရီးသွားလာခြင်း၊ နိုင်ငံတကာထောက်ခံမှုနဲ့ ဆက်ဆံရေးလျော့ပါးခြင်းအပါအ၀င် အခြားသောအချင်းအရာတွေက ICC ရဲ့ဖမ်း၀ရမ်းထုတ်မှုကြောင့် သမ္မတပူတင်အပေါ် သက်ရောက်မှုတွေ ရှိလာဖွယ်ရှိနေကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုထားကြပါတယ်။

Ref: BBC/Aljazeera
#voiceofmyanmar #VOM #ရုရှားသမ္မတပူတင် #ICCဖမ်းဝရမ်း

Related posts

Leave a Comment

VOM News

FREE
VIEW