ပုဏ္ဏားကျွန်းမြို့နယ်က ‘မြို’တိုင်းရင်းသားတွေ ခိုလုံရာ ဗန်းဗွီးစစ်ရှောင်စခန်း

မတ် ၂၈- ၂၀၂၃
SW(VOM)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ‘မြို’လူမျိုး စစ်ဘေးရှောင် ၁၀၀ ကျော်ခန့်နေထိုင်တဲ့ ဗန်းဗွီးကျေးရွာမြောက်ဘက်ကပ်ရပ်မှာ ဗန်းဗွီး စစ်ဘေးရှောင်စခန်းရှိပါတယ်။

အဲဒီမှာ အိမ်ခြေ ၂၀ ကျော်လောက်ရှိပြီး ကလေး၊ လူကြီးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် လူ ၁၀၀ ကျော်ခန့် ခိုလုံနေထိုင်ကြတယ်လို့သိရပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှာရှိတဲ့ အောင်မကျော်၊ ဆင်သည်ဖျား စတဲ့ကျေးရွာတွေမှာ စစ်ရေးပဋိပက္ခတွေကြောင့် ပိုးရွှီပြင်ကျေးရွာကနေတဆင့် ကုန်းတတန်၊ ရေတသွယ်၊ တောတောင်တွေကိုခက်ခဲစွာ ဖြတ်ကျော်ခဲ့ရတယ်လို့ဆိုပါတယ်။

အခုတော့ ရန်ကုန်- စစ်တွေ ကားလမ်းအနောက်ဘက်က မြေပြန့်လွင်ပြင်ကျဉ်းလေးမှာ ​စားဝတ်နေရေး အခက်အခဲတွေနဲ့ နေထိုင်ရပေမယ့် အဆင်ပြေတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

အောင်မကျော်ကျေးရွာက စစ်ဘေးရှောင်အမျိုးသမီးတဦးက ” ရွာမှာက အခုလူတွေ ပြန်နေထိုင်ကြပါပြီ။ ဒါပေမယ့် လုပ်စားရတာ သိပ်အဆင်မပြေဘူး။ တောမီးတွေလည်း လောင်တယ်။ မိုင်းအန္တရာယ်ကိုလည်းကြောက်ရတယ်။ ရွာကိုရောက်သွားရင်မှာ ဒီ့ထက်အခက်အခဲဖြစ်မယ်။ ဆေးရုံဆေးခန်း၊ ကလေးတွေပညာရေးကအစ ထိခိုက်ကုန်ပါမယ်။ ဒါကြောင့် ရွာမပြန်ချင်ဘူး။” လို့ ပြောပါတယ်။

အသက် ၆၀ နီးပါးအရွယ် သူတို့ရဲ့ ရိုးရာအထည်တခုကို လက်နဲ့ ရက်လုပ်နေတဲ့ အဖွားတဦးကလည်း ဒီစစ်ဘေးရှောင်စခန်းမှာ သမီးဖြစ်သူနဲ့အတူ နေထိုင်ကြတာဖြစ်ပြီး အခုလည်း သမီးဖြစ်သူဝတ်ဆင်နိုင်ဖို့အတွက် ရက်လုပ်ပေးနေတာလို့ ပြောပါတယ်။

အဲဒီ ပုဏ္ဏားကျွန်းကျေးရွာ ဆင်သည်ဖျားကျေးရွာဇာတိ အသက် ၆၀ နီပါးအရွယ် အဘွားအိုက ” အခက်အခဲကတော့ အားလုံးရှိပါတယ်။ အခု စားရတာတွေ ဘာမှအဆင်မပြေဘူး။ အကူအညီတွေမရရင် ငတ်မွတ်ကြတာပါပဲ။ အခုလည်း ညနေစားဖို့ ထမင်းမရှိတော့ဘူး။ ငတ်မွတ်ဆင်းရဲတာပဲသိတယ်။ ဘာမှမပြောတတ်တော့ဘူး။ တောင်ပေါ်ထင်းခွေသွားဖို့ကလည်း အသက်ကြီးလာပါပြီ။ ဒါပေမယ့် သွားရတာပါပဲ။ ထင်းတစ်စည်းမှ သုံးထောင်ပဲရတယ်။ ဒီအနီးအနားတောတောင်တွေမှာ ရှာမယ်ဆိုရင် ဘာမှ ရမှာမဟုတ်ဘူး”လို့ ဘဝခက်ခဲပုံကို ပြောပြနေပါတယ်။

အဲ့ဒီလိုမျိုး အခက်အခဲတွေရှိနေချိန် WFPနဲ့ IRC တို့က အကူအညီတွေ ရောက်လာတာကိုတွေ့ခဲ့ရပြီး IRC က အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ အဝတ်အထည်တွေ၊ အိုးခွက်တွေ၊ စောင်တွေနဲ့ ဖျာတွေ ပေးဝေသလို WFP ကလည်း အာဟာရမုန့်တွေနဲ့ ဆပ်ပြာခဲတွေ ပေးဝေနေတာကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က တွေ့ခဲ့ရပါတယ်။

ရခိုင်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတခုဖြစ်တဲ့ ရခိုင်မျိုးဆက်သစ်အသင်း AOANG ကလည်း ဆေးဝါးပစ္စည်း ၁၀ မျိုးကျော်ပါဝင်တဲ့ ဆေးတွေကို အိမ်ထောင်စုအလိုက် ပေးဝေနေတာ တွေ့ခဲ့ရပါတယ်။

စစ်ဘေးရှောင်တွေလိုအပ်နေတာက လူသုံးကုန်ပစ္စည်း၊ အာဟာရမုန့်နဲ့ ဆေးဝါးပစ္စည်းတွေဖြစ်သလို အဓိကအားဖြင့် ဆန်ရိက္ခာနဲ့ ဆား၊ ကြက်သွန်၊ ဆီတွေကိုလည်း လိုအပ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းက ‘မြို’လူမျိုးတွေဟာ ရိုးသားဖြောင့်မတ်ကြသလို၊ ဓာတ်ပုံရိုက်တာတွေကိုတောင် ရှက်ကြောက်မှုရှိတာကိုလည်း တွေခဲ့ရပါတယ်။

သူတို့ဇာတိရွာတွေဟာ ဝေလံခေါင်ဖျားတဲ့ တောတောင်တွေအတွင်းမှာရှိနေတာဖြစ်ပြီး မြို့ပြနဲ့ ဝေးကွာသလို အလွန်ဆင်းရဲနွမ်းပါးတဲ့ တောဖျားကျေးရွာလေးတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပုဏ္ဏားကျွန်း #မြိုတိုင်းရင်းသားစစ်ရှောင်စခန်း

Related posts

Leave a Comment

VOM News

FREE
VIEW