ထိုင်းနိုင်ငံမှာ အခမဲ့ဗီဇာနဲ့ ၁၄ ရက်သာ နေခွင့်ပြုတော့မယ်

မတ် ၃၁ – ၂၀၂၃
GG(VOM)

ထိုင်းနိုင်ငံကို လာရောက်မယ့် မြန်မာနိုင်ငံအပါအဝင် Visa free နဲ့ဝင်ရောက်ခွင့်ပြုထားတဲ့ နိုင်ငံအားလုံးကို အခမဲ့ဗီဇာနေထိုင်ခွင့် ၄၅ရက် ပေးထားရာကနေ မနက်ဖန် ဧပြီလ ၁ ရက်နေ့ကစပြီး ၁၄ ရက်သာခွင့်ပြုတော့မယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မတ်လ၃၀ရက်နေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံကို ထိုင်းက visa free နဲ့ ၄၅ရက် နေထိုင်ခွင့်ကိုတော့ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကမှ စတင်ခွင့်ပြုခဲ့တာဖြစ်ပြီး ၆လအကြာမှာ အခုလိုပြန်လည်ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

” ၄၅ ရက်နေလို့ မရတော့ ဗီဇာလျှောက်ရတော့မှာပေါ့။ အရင်က ၁၄ ရက်ပဲပြန်ဖြစ်သွားပြီ၊ မြန်မာနိုင်ငံနဲ့သူတို့တခြားနိုင်ငံတွေလည်းပါတယ်။ဗီဇာအခမဲ့နဲ့ ၁၄ ရက်နေခွင့်ပြုတာက တော်တော်တော့ကြာပြီ ” လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတဦးကပြောပါတယ်။

ဒါ့ကြောင့် ထိုင်းနိုင်ငံမှာ ရက်ရှည်နေထိုင်လိုသူတွေအနေနဲ့ ရန်ကုန်က ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားပြီး လာရောက်ရမှာဖြစ်တယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံမှာ visa free နဲ့ ၁၄ ရက်နေထိုင်ခွင့်ကိုတော့ ၂၀၁၅ ခုနှစ် ဩဂုတ်လမှာ ထိုင်းအစိုးရက စတင်ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” မနေ့ကလာလည်း visa free နဲ့၄၅ ရက်ရသေးတယ်။ဒီနေ့အထိလည်း ရတယ်လို့သိရတယ်။ဒီနေ့လာသူတွေကတော့ ကံကောင်းတာပေါ့ ။၁၄ ရက်နဲ့မတိုးသေးဘူး”လို့ထိုင်းရောက်မြန်မာနိုင်ငံသားတဦးကပြောပါတယ်။

သံရုံးထုတ်ပြန်ချက်မှာလည်း အခမဲ့ဗီဇာ (Visa Free)သဘောတူညီမှုရရှိထားတဲ့ မြန်မာနိုင်ငံအပါအဝင် ကျန်တဲ့နိုင်ငံသားတွေအားလုံးအနေနဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ အခုမတ်လ ၃၁ရက်နေ့အထိ visa free နဲ့၄၅ ရက်အထိ ရကြောင်း၊ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ရရှိထားတဲ့ နိုင်ငံသားတွေအနေနဲ့လည်း ၃၀ ရက်အထိ နေထိုင်ခွင့်ရှိတယ်လို့ ရေးသားထားပါတယ်။

#voiceofmyanmar #VOM #ထိုင်း #အခမဲ့ဗီဇာ #၁၄ရက်သာနေခွင့်ပြုမယ်

Related posts

Leave a Comment

VOM News

FREE
VIEW