စစ်ကိုင်း ကြွယ်ပုံရွာမှာရေကစား မဏ္ဍပ် ပေါက်ကွဲမှုဖြစ်လို့ ကလေး ၃ ယောက်သေဆုံး ၊ အယောက် ၃၀ ကျော် ဒဏ်ရာရ

ဧပြီ ၊ ၁၄ ၊ ၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ကြွယ်ပုံကျေးရွာမှာ ပြုလုပ်တဲ့ ကလေးရေကစား မဏ္ဍပ်မှာ မနေ့ ဧပြီ ၁၃ ရက် ၊ ညနေ ၅ နာရီခွဲဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး ရေကစားနေတဲ့ ကလေး အယောက် ၃၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ကလေးတွေ ရေကစားနေတဲ့ မဏ္ဍပ်ပေါ်ကို ဒရုန်းနဲ့ ဗုံးကျဲချတာဖြစ်တယ် ၊ အဲ့ဒီ ဗုံးက မဏ္ဍပ်ပေါ်ကျပြီး ပေါက်ကွဲတာကြောင့် ကလေးတွေ ထိခိုက် ဒဏ်ရာရတာဖြစ်တယ် ” လို့ ကြွယ်ပုံရွာခံ တယောက်ကပြောပါတယ်။

အဲ့ဒီ ကြွယ်ပုံရွာက ရေကစားမဏ္ဍပ် ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ဒေသခံ ပရဟိတသမား တယောက်က ” ဒီမနက် နောက်ဆုံးသိရတဲ့ သတင်းက စိုးရိမ်ရ ကလေးလူနာ ၇ ယောက်အနက်က ၃ ယောက် ဆုံးသွားတယ် ၊ ကျန် ၄ ယောက်ကလည်း အသက်အန္တရာယ် စိုးရိမ်ရတယ် ၊ သာမန်အတွင်းလူနာက ၃၀ ရှိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ကြွယ်ပုံရွာ ရေကစားမဏ္ဍပ် ပေါက်ကွဲမှု ဖြစ်စဥ်မှာ သေဆုံး ၊ ဒဏ်ရာရ လူနာအရေအတွက်ကို VOM က သီးခြားအတည်ပြုနေဆဲ ဖြစ်ပါတယ်။

မနေ့က နေ့လယ်ပိုင်းမှာလည်း ရှမ်းပြည်မြောက်ပိုင်း ၊ လားရှိုးမြို့ ၊ အမှတ် ၁ ရပ်ကွက် ၊ နယ်မြေ ၈ မှာရှိတဲ့ ရန်တိုင်းအောင် ဘုရားကုန်းနားက စတုဒီသာ မဏ္ဍပ်နားမှာ ကားဗုံးပေါက်ကွဲပြီး ၊ ကား ၉ စီး နဲ့ ဆိုင်ကယ် ၇ စီး ပျက်စီးကာ လမ်းသွားလမ်းလာ လူ ၆ ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရတာဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းသင်္ကြန် #ကြွယ်ပုံ

Related posts

Leave a Comment

VOM News

FREE
VIEW